ပုသိမ်ကျောင်းသား ၇ ဦး အမှုပြန်ရင်ဆိုင်ရမည်

အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရပြီး ပုသိမ်မြို့နယ်တရားရုံးက တရားရှင်လွှတ်ပေးထားတဲ့ ပုသိမ်က ကျောင်းသား ၇ ဦးကို အမှုပြန်ရင်ဆိုင်ဖို့ ပုသိမ်မြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။

စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ပုသိမ်မြို့က ကျောင်းသားတွေကို တွေ့ရစဉ် Photo: Aung Khant Zaw/ Facebook

အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရပြီး ပုသိမ်မြို့နယ်တရားရုံးက တရားရှင်လွှတ်ပေးထားတဲ့ ပုသိမ်က ကျောင်းသား ၇ ဦးကို အမှုပြန်ရင်ဆိုင်ဖို့ ပုသိမ်မြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

မြို့နယ်တရားရုံးက တရားရှင်လွှတ်ပေးထားတဲ့အမိန့်ကို တရားလိုဘက်က မကျေနပ်လို့ဆိုပြီး ခရိုင်ကို အယူခံတက် ရာမှာ အယူခံအောင်သွားတဲ့အတွက် မြို့နယ်တရားရုံးက အမိန့်ပြန်ချတာလို့ တရားစွဲဆိုခံရကျောင်းသား ၉ ဦးထဲက တစ်ဦးဖြစ်တဲ့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။

"ကျောင်းသား ၉ ဦးကနေ ၇ ဦးကို တရားရှင်လွှတ်ခဲ့တယ်ပေါ့နော်၊ မြို့နယ်ရုံးက အဲဒီဟာကို ဒီတရား လိုဘက်ကနေ ဒီအမိန့်ကို မကျေနပ်လို့ ဆိုပြီးတော့ ခရိုင်ကို သူတို့အယူခံဝင်တယ်၊ အယူခံအောင် တယ်ပေါ့နော်၊ ခရိုင်တရားသူကြီးကနေပြီးတော့ ဒီပြဇာတ်တို့ အနုပညာသရုပ်ဖော်မှုတို့ဆိုတာ အကုန် လုံးပေါင်းပြီးမှ လုပ်ရတာဖြစ်လို့ ကျန်တဲ့သူတွေကိုလည်း စွဲချက်တင်သင့်တယ်ဆိုပြီး အမိန့်ချမှတ်တယ်၊ ဆိုတော့ အဲဒီဟာကြောင့် ခရိုင်ကနေပြီး မြို့နယ်ကို ပြန်ပြီး ဒီအမိန့်ကို ပြန်ပေးတာကြောင့်မို့လို့  မြို့နယ်တရားသူကြီးကနေ အမိန့်ကို ပြန်ချပေးရတာပေါ့။"

ငြိမ်းချမ်းရေးပြဇာတ်ကရာမှာ တပ်မတော်ကို အသရေဖျက်တဲ့စကားလုံးတွေ ပြောဆိုသူတွေလို့ ယူဆရတဲ့သူ ၂ ဦးကိုသာ မြို့နယ်တရားရုံးက စွဲချက်တင်ပြီး ကျန်တဲ့ ၇ ဦးကို ပြီးခဲ့တဲ့ မေလတုန်းက တရားရှင်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

တရားလိုဘက်က တင်ပြထားတဲ့ သက်သေ ၅ ဦးကို စစ်ဆေးပြီးတဲ့နောက် တရားရှင်လွှတ်ပေးထားတဲ့ ကျောင်းသား ၇ ဦးကို မြို့နယ်တရားရုံးက တရားရှင်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ မြို့နယ်တရားရုံးက ရုံးချိန်းခေါ်ထားပြီး တရားလိုသက်သေ ၃ ဦးကို ပြန်လည်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲတွေ အလို မရှိကြောင်း ပြဇာတ်ကပြဖျော်ဖြေခဲ့ရာမှာ သုံးနှုန်းတဲ့စကားလုံးအသုံးအနှုန်းတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး အသရေဖျက်မှုနဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org