ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီပါတီများ မဟာမိတ် ဖွဲ့မည်

ရွေးကောက်ပွဲဝင်မဲ့ ၃၇ ပါတီတွေထဲက ဒီမိုကရေစီလိုလားတဲ့ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ ၇ ခုကနေ မိတ်ဖက်ပါတီတွေအဖြစ် ပူးတွဲဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။

စစ်အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတွေနဲ့ သီးခြားတဖက်စီဆိုတာ မဲဆန္ဒရှင် ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိအောင် မိတ်ဖက်ပါတီတွေက ပူးပေါင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက RFA ကို ပြောပါတယ်။

မိတ်ဖက်ပါတီတွေအနေနဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ချင်းအမျိုးသားပါတီတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဦးသိန်းဌေးက ပြောပါတယ်။

ဒီမိုကရေစီ မိတ်ဖက်ပါတီများ ပူးတွဲဆောင်ရွက်မဲ့ကိစ္စကို အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတွေက ကြိုဆို ထောက်ခံတယ်လို့ ပါတီခေါင်းဆောင်တွေက RFA ကို ပြောပါတယ်။

လာမဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း ပါတီ ၇ ခုလုံး တွေ့ဆုံမှာဖြစ်ပြီး သဘောထား ကြေညာချက် ထုတ်ပြန်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org