NLD ပါတီဆုံးဖြတ်ချက် နိုင်ငံရေး ၁၀ ပါတီမဟာမိတ် ထောက်ခံကြိုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး လာမဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အောက်တိုဘာ ၁၈ ရက်က ဆုံးဖြတ်တာကို နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများက ကြိုဆိုလိုက်ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူများနှင့် တွေ့ရပုံ။ နိုဝင်ဘာလ ၁၈ ရက်နေ့က ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်သည်။ RFA

NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အစည်းအဝေး အပြီး ပါတီ ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်က ပြောပါတယ်။

ဒီကြေညာချက်မှာ တရားဝင် နိုင်ငံရေး ပါတီများ အဖြစ် မှတ်ပုံတင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး အတွက် အားတက်သရော ပါဝင် ကြိုးပမ်း ဆောင်ရွက်လာကြမဲ့ နိုင်ငံရေး ပါတီတွေကိုလည်း ကြိုဆိုပါကြောင်းနဲ့ ပြည်ထောင်စု တစ်ဝန်းလုံးရဲ့ အကျိုး အတွက် ပူးပေါင်း ဆောင်ရွက် လာမယ်ဆိုရင်လည်း ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အဖွဲ့က အစဉ်အမြဲ လက်ကမ်း ကြိုဆိုလျက် ရှိကြောင်း ဖော်ပြထားပါတယ်။

တစ်ချိန်ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ ပါတီကို နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ဖို့နဲ့ လာမဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ကို ကနေဒါရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစု အဖွဲ့အစည်း ၉ ခုက မနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန် ထောက်ခံ ကြိုဆိုလိုက်ပါတယ်။

မြန်မာ့အရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု လိုအပ်တယ်လို့ ယူဆတဲ့ အတွက် ထောက်ခံရကြောင်း ကနေဒါ အခြေစိုက် ပြည်ပရောက် အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များ အဖွဲ့ IBMO ရဲ့ ဦးဆောင် သံဃာတော် အရှင် ကောဝိဒက မိန့်ကြားပါတယ်။

တွေ့ဆုံ ဆွေးနွေးရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အစဉ်တစိုက် ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးမှုက အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး အတွက် အပြုသဘော ဆောင်တဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ရပ် ပေါ်ထွန်းလာနေတယ်လို့ ယုံကြည်တဲ့ အတွက် ထောက်ခံ ကြိုဆိုရတယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းတွေနဲ့ တစ်ဆက်တည်း ပါတီ ၁၀ ခုက ခေါင်းဆောင် တချို့ကို ဆက်သွယ်ပြီး ဒေါ်ခင်ခင်အိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org