ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် ဆန်းစစ်လေ့လာမှုများ ထပ်မံလုပ်မည်

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို နေပြည်တော်မှာ မနေ့က ကျင်းပရာမှာ မြစ်ဆုံရေအားလျှပ်စစ်ဆည် တည်ဆောက်ရေးစီမံကိန်းအတွက် လိုအပ်တဲ့ ဆန်းစစ်လေ့လာမှုတွေ ထပ်မံ လုပ်ဆောင်သွားမယ် လို့ တာဝန်ရှိသူတွေက ပြောကြားကြောင်း အစည်းအဝေး တက်ရောက်သူတွေဆီက သိရပါတယ်။

ရေမျောကမ်းတင်နေတဲ့ အမှိုက်သရိုက်တွေကို ဧရာဝတီ မြစ်ကမ်းပါးမှာ တွေ့မြင်ရစဉ်။ RFA

လေ့လာမှုတွေ လုပ်ပြီးမှသာ ဆည်တည်ဆောက်ရေးလုပ်ငန်း ရှေ့ဆက်သင့် မသင့်ဆိုတာ လွှတ်တော်စည်းဝေးပွဲကနေ ဆုံးဖြတ်ချက် ယူသွားမယ်လို့လည်း သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က ရှင်းပြပါတယ်။

“တိုင်းတာစစ်ဆေးမှုတွေကို ထပ်လုပ်မယ်။ တခြားအဖွဲ့တွေကိုလည်း အကူအညီတောင်းပြီး လုပ်မယ်။ ပြီးရင် အခု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ဆိုပြီး ရှိလာတဲ့အတွက်ကြောင့် မကြာမီပဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေလည်း ပေါ်လာမယ့်အတွက်ကြောင့် တိုင်းတာစစ်ဆေးမှု တွေနဲ့ ပတ်သက်ပြီး သစ်တောရေးရာဝန်ကြီးဌာနက ဆုံးဖြတ်မယ်၊ ဆက်လုပ်သင့် မလုပ်သင့် ဆိုတာကို။ အဲဒီအပေါ်မှာပဲ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ခံယူမယ်။ ထို့အပြင် နောက်တမျိုးကလည်း ဘာလဲဆိုတော့ ဒီဥစ္စာတွေအားလုံးဟာ လွှတ်တော်ကိုလည်းတင်မယ်၊ လောလောဆယ်တော့ စီမံကိန်းကြီးက ရှေ့မတိုးတော့တဲ့ သဘော ဖြစ်သွားတာပေါ့”

ဒါပေမယ့် မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကတော့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို မြစ်ဖျားကနေ ကန့်လန့်ပိတ်ပြီး ဆည်တည်ဆောက်ဖို့ ဆိုတာ လုံးဝကို ရပ်ဆိုင်းရမယ့် ကိစ္စရပ် ဖြစ်တယ်လို့RFA ကို အခုလို ပြောပါတယ်။

“တရုတ်ပြည်မှာ မြစ် ၇ စင်းက ဆည်တွေကြောင့် ဒုက္ခရောက်နေတာကို ကြည့်ခြင်းအားဖြင့် ကိုယ့်ဆီက ဆက်ကို မတိုးသင့်ဘူး။ နောက် ကိုယ့်မှာရှိတာ ဒီတမြစ် ရှိတာ။ ဒီမြစ် သွားလိုက်တာနဲ့ လူပေါင်း မြောက်မြားစွာ ယဉ်ကျေးမှုတွေ၊ စီးပွားရေးတွေ၊ လူမှုရေးတွေ၊ အသက်မွေးဝမ်းကျောင်းတွေ အကုန်ဒုက္ခရောက်မှာ။ ရာသီဥတုကို လုံးဝ ထည့်မတွက်ဘူး၊ အဲဒါလည်း သိပ်အံ့သြဖို့ကောင်းတာ ဒီနိုင်ငံမှာက”

ဆွေးနွေးပွဲမှာ ပညာရှင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ဝန်ကြီးတွေအပြင် စီမံကိန်း အကောင်အထည်ဖော်နေတဲ တရုတ ်CPI ကော်ပိုရေးရှင်းက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

လောလောဆယ် ဧရာဝတီမြစ် ရေအားလျှပ်စစ်စီမံကိန်းအတွက် အိမ်ခြေ ၂ သောင်းကျော်ကို နေရာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ CPI တရုတ်ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org