လူငယ်တွေ အလုပ်အကိုင်ရရေးနဲ့ ပညာရေးကိစ္စ လွှတ်တော်မှာ ဆွေးနွေး

မြန်မာနိုင်ငံ ပညာရေးစနစ်ကို အရည်သွေးမြှင့်တင်ဖို့နဲ့ ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိစေမယ့် ပညာရေးဥပဒေတစ်ရပ်ကို လွှတ်တော်က ဦးစားပေးရေး ဆွဲသင့်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မတ်လ ၈ ရက် ဒီကနေ့မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ပညာရေးစနစ်ကို အရည်သွေးမြှင့်တင်ဖို့နဲ့ ဘွဲ့ရလူငယ်တွေ အလုပ်အကိုင်ရရှိစေမယ့် ပညာရေးဥပဒေတစ်ရပ်ကို လွှတ်တော်က ဦးစားပေးရေး ဆွဲသင့်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက မတ်လ ၈ ရက် ဒီကနေ့မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဘွဲ့ရလူငယ်တွေ များနေတဲ့အပေါ် နိုင်ငံတော်အစိုးရအနေနဲ့ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးဖို့ မေးမြန်းရာမှာ သူရဦးရွှေမန်းက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

“ပညာရေးစနစ် ပညာရေးဥပဒေဟာလည်း အမြန်ပေါ်ပေါက်လာဖို့လိုပါတယ်၊ ကျနော်တို့ လွှတ်တော်မှာဖွဲ့စည်းထားတဲ့ ပညာရေးမြှင့်တင်မှုကော်မတီနဲ့ ပညာရေးကို အင်မတန် စိတ်ဝင်စားပြီးတော့ စွမ်းဆောင်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း ပြည်သူများရဲ့အားကို ပူးပေါင်းပြီးတော့ ပညာရေးစနစ် ပညာရေးဥပဒေတစ်ခု ဖြစ်ပေါ်လာရေးအတွက် ဦးစားပေး ရေးဆွဲတင်ပြဖို့လိုကြောင်း လွှတ်တော်ကတဆင့် တင်ပြပါတယ်”

အလားတူ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာ ဒေါ်ခင်စန်းရီကလည်း လက်ရှိအစိုးရလက်ထက်မှာ ဘွဲ့ရအရေအတွက်များများရှိတာထက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ဖြစ်အောင် ကြိုးပမ်းနေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ကာလတွေမှာ နိုင်ငံတော်အနေနဲ့ ဘွဲ့ရများအရေအတွက် များများရရှိဖို့ ရည်မှန်းခဲ့ပါတယ်၊ အခုအခါမှာတော့ အရည်အချင်းပြည့်ဝမှာသာ အလုပ်အကိုင်ရရှိနိုင်မှာဖြစ်သလို၊ ဝင်ငွေရရှိနိုင်မှာလည်းဖြစ်တဲ့အတွက် ပညာရေးရည်မှန်းချက်ကို Quality Education ဖြစ်ဖို့ ဆောင်ရွက်လျှက်ရှိပါတယ်ရှင်၊ ဘွဲ့ရလူငယ်များဟာ အလုပ်အလွယ်တကူရရှိနိုင်တဲ့ အလုပ်ခန့်ထားနိုင်တဲ့ အရည်အချင်းတွေပြည့်ဝဖို့ ယခုအခါမှာ တက္ကသိုလ်အသီးသီးက နောင်လာမယ့်ကာလမှာ လိုအပ်မယ့်အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေးအခွင့်အလမ်းများပေါ် မူတည်ပြီးတော့မှ လိုအပ်ချက်အတိုင်း မွေးထုတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်”

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းထားဟာ လူဦးရေသန်း ၆၀ ရဲ့  ၃၇ရာခိုင်နှုန်းလောက်ရှိကြောင်း အစိုးရကိန်းဂဏန်းတွေအရ သိရှိရပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု ရင်ဆိုင်နေရတာကြောင့် မလေးရှား၊ ထိုင်း၊ စင်္ကာပူနဲ့ တခြားဝေးလံတဲ့နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ လူငယ်တွေ သန်းအတော်များများရှိနေပါတယ်။

မြန်မာနိုင်ငံ လူဦးရေ သန်းပေါင်း ၆၀ မှာ ၁၅ သန်းလောက်ဟာ ဆင်းရဲမွဲတေမှု တိုင်းထွာမှုအရဆိုရင် အဆိုးဝါးဆုံးအဆင့်မှာ ရှိနေတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org