မြန်မာ့အကြွေး ဒေါ်လာ ၆ ဘီလျံခန့် ကို ပြင်သစ်အခြေစိုက် Paris Club လျော်ပစ်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက်(Paris Club)အပေါ် မြန်မာနိုင်ငံက တင်ရှိနေ တဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံကျော်ထဲကနေ ၆ ဘီလျံနီးပါးကို Paris Club က လျော်ပစ်လိုက်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန် က မနေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာများ နဲ့ သက်ဆိုင်ရာ ဝန်ကြီးများတွေ့ဆုံပွဲမှာ ပြောကြားခဲ့ ပါတယ်။
-
2013-02-04 -
-
-
၂ဝ၁၂ ခုနှစ် လွှတ်တော်မှာ တင်ပြချက်အရ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီဟာ အတိုးပေးရမယ့်ငွေ အပါအဝင် စုစုပေါင်း ဒေါ်လာ ၁၅ ဘီလျံကျော်ရှိပြီး၊ ပြည်တွင်း ကြွေးမြီက ဒေါ်လာ ၁၂ ဘီလျံနီးပါးရှိခဲ့ပါတယ်။
အခုတော့ ဂျပန်နဲ့ နော်ဝေးနိုင်ငံတို့ရဲ့ကျေးဇူးကြောင့် နိုင်ငံခြားကြွေးမြီ ၆ ဘီလျံကျော် လျော့ချနိုင်ခဲ့ပေမဲ့ ပေးရမယ့် ကြွေးမြီ စုစုပေါင်း ၉ ဘီလျံကျော် ရှိနေသေးကြောင်း ဝန်ကြီး ဦးဝင်းရှိန် က ပြောပါတယ်။
အဲဒီကြွေးတွေဟာ ၁၉၈၈ ခုနှစ်မတိုင်မီ ယူထားတဲ့ကြွေး ၅ ဘီလျံကျော်နဲ့၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း တရုတ်အပေါ် တင်ရှိခဲ့တဲ့ကြွေး ၃ ဘီလျံကျော် ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေအပေါ် တင်ရှိနေတဲ့ကြွေးတွေကို ဂျပန်အကူအညီနဲ့ ပေးချေနိုင်ခဲ့ပြီဖြစ်လို့ နောက်ထပ်ချေးငွေသစ်တွေ ထပ်ချေးနိုင်ပြီဖြစ်ပြီး၊ အကူအညီ ရန်ပုံငွေတွေလည်း ရရှိတော့မှာဖြစ်ပါတယ်။
မနေ့က သတင်းမီဒီယာနဲ့ တွေ့ဆုံပွဲမှာ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးစိုးတင့်ကလည်း ရန်ကုန်မှာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို စတင်အကောင်အထည်ဖော်နေကြောင်း ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းကလည်း ပြည်သူတွေရဲ့ သဘောဆန္ဒကို စုံစမ်းမေးမြန်းပြီး ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို လှော်ကားဥယျာဉ်ဘက် ရွေ့ပြောင်းဖို့ အစီအစဉ်ရှိကြောင်း ပြောကြားခဲ့ကြပါတယ်။
တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးများဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးခင်ရီ ၊ ဦးဝင်းရှိန်၊ ဦးဝင်းမြင့်တို့နဲ့အတူ စွမ်းအင်၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ စက်မှု၊ ပြန်ကြားရေး၊ သစ်တော စတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဒုတိယ ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာ ၁ဝဝ နီးပါး သတင်းယူခဲ့ကြပါတယ်။