မြန်မာယူထားတဲ့ အကြွေး ခရိုနာငွေ ၂၉၅ သန်းကို ဒိန်းမတ်လျှော်ပစ်
2014.01.10

ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံကနေ ရစရာရှိတဲ့အကြွေး ဒိန်းမတ် ခရိုနာငွေ ၂၉၅ သန်းကို လျှော်ပစ်လိုက်ပြီလို့ သိရပါတယ်။ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး မစ္စတာ ရာစ်မို့စ် ဟားလ်ဗက်ပီတာဆန် Rasmus Helveg Petersen က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ၉ ရက်နေ့ကတွေ့ဆုံပွဲမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆို လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက် မှုကို မိမိတို့နိုင်ငံက ထောက်ခံတယ်ဆိုတာ မြန်မာပြည် သူတွေကို သိစေချင်တဲ့အတွက် အခုလိုအရေးကြီးတဲ့ သတင်းစကားပါးလိုက်တာပါလို့ မစ္စတာ ပီတာဆန် က ပြောပါတယ်။
အခုလိုမိမိတို့ ဒိန်းမတ်အစိုးရကို အကြွေးပြန်ဆပ်စရာ မလိုတော့တဲ့အတွက်၊ ဒီငွေတွေကို မြန်မာပြည်သူတွေ ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက် သွယ်ရေးတွေမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုအရ လျှော်ပေးလိုက်တဲ့ ကြွေးမြီအများစုဟာ မြန်မာအစိုးရရဲ့ နှစ် ၃၀ ချေးငွေဖြစ်ပြီး၊ အဲဒီအကြွေးဟာ မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းစောင့်ကြည့်ဖို့ ဒိန်းမတ်နိုင်ငံက ဆောက်လုပ်တဲ့ သင်္ဘောတွေ ဝယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး မစ္စတာ ပီတာဆန်က ဆင်းရဲတဲ့ မြန်မာပြည်သူတွေ အကျိုးဖြစ်ထွန်းမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆက်လက်ဆောင်ရွက်တဲ့အခါ အခုလို ကြွေးဟောင်းလျှော်ပေး တာဟာ အချိန်အခါအရ အသင့်တော်ဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။ အကြွေးလျှော်ပေးလိုက်တယ် ဆိုတာဟာလဲ ဒိန်းမတ်နိုင်ငံကနေ မြန်မာနဲ့ အခြားဆင်းရဲတဲ့နိုင်ငံတွေကို နောက်ထပ်ငွေကြေး ထောက်ပံ့ကူညီမယ့် အခြေအနေနည်းသွားပြီလို့ ဆိုလိုတာမဟုတ်ကြောင်းလည်း မစ္စတာ ပီတာဆန်က ပြောပါတယ်။