ကွတ်ခိုင်က ပန်ဆေးပြည်သူ့စစ်စခန်းမှာ ပစ်ခတ်မှုဖြစ်လို့ တပ်စိတ်မှူးတစ်ဦး သေဆုံး
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးက ပန်ဆေးပြည်သူ့စစ်စခန်းမှာ ဇန်နဝါရီ လ၂၃ ရက် နေ့ မနက် ၈ နာရီလောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပြီး တပ်စိတ်မှူး တာဝန်ယူထားတဲ့ အသက် လေးဆယ်ကျော်အရွယ် ဦးရင်ကျိုင်း ဆိုသူ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
-
ကံသာ
2021-01-26 -
-
-
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးက ပန်ဆေးပြည်သူ့စစ်စခန်းမှာ ဇန်နဝါရီလ၂၃ ရက်နေ့ မနက် ၈ နာရီ လောက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပြီး တပ်စိတ်မှူး တာဝန်ယူထားတဲ့ အသက်လေးဆယ်ကျော်အရွယ် ဦးရင်ကျိုင်း ဆိုသူ သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ ပန်ဆေးပြည်သူ့စစ်ဌာနေ အဖွဲ့ ၃ က အဖွဲ့ဝင်ဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ၁၂ မိုင် ပြည်သူ့ စစ်စခန်းမှာ စခန်းမှူး လုပ်နေတာ ဖြစ်ပါတယ်။ စခန်းမှာ တာဝန်ကျနေတဲ့ ရဲဘော်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
ရဲဘော်ရဲ့ မိခင်ဖြစ်သူကို တပ်စိတ်မှူးက ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် မေးမြန်းတာကို မဖြေလို့ ရဲဘော်က တပ်စိတ်မှူးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် လီကျားရှင်းဆိုသူကို ပန်ဆေးပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ပျောက်ဆုံးနေပါတယ်။
ပန်ဆေးပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူ ဦးကျော်မြင့်ကတော့ ပြည်သူ့စစ်စခန်းမှာ အချင်းချင်း ပစ်ခတ်မှုဖြစ်တာ မဟုတ်ဘဲ မတော်တဆ ကျည်ပေါက်ထွက်တာလို့ ပြောပါတယ်။ ကင်းသမားက သူ့တာဝန်ချိန်အပြီးမှာ သေနတ်ကျည်ရှင်းတဲ့အချိန် မတော်တဆ ကျည်ပေါက်ထွက်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
သေနတ်ကျည်ရှင်းခဲ့တဲ့ ရဲဘော်ကို လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိပြီး လက်ရှိမှာ ရဲတပ်ဖွဲ့ကို အပ်တာမျိုး မရှိသေးဘူးလို့ ဦးကျော်မြင့်က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးကတော့ သေဆုံးမှုအတွက် ကနဦးတိုင်ကြားချက်မှာ မတော်တဆ သေနတ်ကျည်ထွက်ပြီး လူသေဆုံးရတယ်လို့ သတင်းရထားကြောင်း ပြောပါတယ်။
ဒီအမှုကို နမ့်ဖတ်ကာ ရဲစခန်းမှာ (ပ)၃/၂၀၂၁၊ လူသေစေမှု ၃၀၄-ကနဲ့ အမှုဖွင့်ထားပါတယ်။