ပင်လုံမှာ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ဗဟိုကော်မရှင်က ဦးဆောင်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပဖို့ စီစဉ်နေပါတယ်။
-
2018-02-10 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဗဟိုကော်မရှင်က ဦးဆောင်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပဖို့ စီစဉ်နေပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စုနေ့ အခမ်းအနားပြုလုပ်ပြီး ၁၃ ရက်နေ့မှာ ကလေးများနေ့ အထိမ်း အမှတ်နဲ့ ကလေးတွေအတွက် အားကစားပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ အခမ်းအနားဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး က ပြောပါတယ်။
"အခမ်းအနားနဲ့ ပတ်သက်လို့ ပြည်ထောင်စုနေ့ ၁၂ ရက်နေ့မှာ မနက်ပိုင်း အခမ်းအနားလုပ်မယ်၊ အခမ်းအနား ပြီးရင်တက်ရောက်လာတဲ့ လူငယ်တွေနဲ့ ပင်လုံမြို့ကြီးကို သန့်ရှင်းရေးလုပ်ပေးမယ်၊ ပြီးရင် ညဘက်မှာ တိုင်းရင်းသားရိုးရာအကတွေနဲ့ ဖျော်ဖြေမယ်၊ အဲဒါ ၁၂ ရက်နေ့ပါ၊ ၁၃ ရက်နေ့မှာ မြန် မာနိုင်ငံ ကလေးများနေ့ဖြစ်တဲ့အတွက် ပင်လုံမြို့မှာ ကျနော်တို့ ဆွမ်းကပ်ပါမယ်၊ ပြီးရင် ပင်လုံမြို့မှာရှိတဲ့ ကလေးတွေကို ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေ လုပ်ပေးပါမယ်၊ ၁၃ ရက်နေ့ညမှာ တိုင်းရင်းသားရိုးရာအက ဖျော်ဖြေပွဲလုပ်ပါမယ်"
တိုင်းရင်းသားရိုးရာအကအတွက် တစ်နိုင်ငံလုံးက လူငယ်ကော်မရှင်တွေ ဦးဆောင်ပြီး ခန့်မှန်း လူဦးရေ ၁ ထောင်လောက် တက်ရောက်ဖို့အတွက် စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဗဟိုကော်မရှင်က ဦးဆောင်ပြီး အခုလိုမျိုး ပြည်ထောင်စုနေ့နဲ့ ကလေးများနေ့ ကို နှစ်ရက်ဆက်တိုက် လုပ်လာတာ ဒီနှစ်နဲ့ဆို ၄ နှစ်ရှိပြီလို့လည်း သိရပါတယ်။
အဲဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ဖို့အတွက် ဖိတ်ကြားထားတယ်လို့လည်း ဦးမောင်မောင်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ဦးဆောင်ကျင်းပပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ပါဝင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။