စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီရှစ်ခုကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်း

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဝင်းရှိန်ရဲ့ Ayeyar Hinthar Trading Co., Ltd. အပါအဝင် ကုမ္ပဏီရှစ်ခုကို အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် စားအုန်းဆီ တန်းစီဝယ်ယူနေရသူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဝင်းရှိန်ရဲ့ Ayeyar Hinthar Trading Co., Ltd. အပါအဝင် ကုမ္ပဏီရှစ်ခုကို အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) က ဇွန်လ ၂၄ ရက်မှာ ကြေညာပါတယ်။

စားအုန်းဆီတင်သွင်းတာမှာ မသမာမှုတွေလုပ်တာကြောင့် အမည်ပျက်စာရင်းသွင်းတာလို့ ဖော်ပြပါတယ်။

Ayeyar Hinthar, Six Winner Brother, Diamond Dragon, First Top Edible Oil, Thein Than Yandanar, Jewel Arrow, Agri One Trading, Grand Unity စတဲ့ စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ အမည်ပျက်စာရင်းသွင်းခံရတာပါ။

ဒါနဲ့ပတ်သက်လို့ RFA က Ayeyar Hinthar ကုမ္ပဏီ အပါအဝင် အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီ သုံးခုထက်မနည်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဇွန်လပထမအပတ်ကစလို့ နိုင်ငံတစ်ဝန်း စားအုန်းဆီတွေ ပြတ်လပ်နေပြီး ပြင်ပပေါက်ဈေးလည်း တစ်ပိဿာကို ငွေကျပ်တစ်သောင်းကျော်အထိရှိလာပါတယ်။

ဒါ့ကြောင့် ပြည်တွင်းဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့သိုလှောင်တာ အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးယူမယ်လို့ ဇွန်လ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လကလည်း မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အပါအဝင် ဆီလုပ်ငန်းရှင် လေးဦးထက်မနည်း ခေါ်ယူစစ်ဆေးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org