ပုလဲမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ သုံးထောင်နီးပါးထွက်ပြေး

ပုလဲမြို့နယ်က ကိုင်းတွင်းနဲ့ မင်းတိုင်ပင်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့တဲ့အတွက် အရပ်သား ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Pale Entertainment

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ကိုင်းတွင်းနဲ့ မင်းတိုင်ပင်ရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၆ ရက်ကစလို့ အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တဲ့အတွက် အရပ်သား ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေအတွင်း စီးနင်းဝင်ရောက်တဲ့အချိန်မှာ အရပ်သားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ယူဆောင်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စားနပ်ရိက္ခာတွေ၊ အဝတ်အထည်တွေ၊ ဆေးဝါးတွေ ဒါတွေအကုန် လုယက်ခိုးယူ သွားတယ်။ ကိုင်းတွင်းရွာက ရှိသမျှပစ္စည်း အကုန်ယူသွားတယ်။ ဘာမှကိုမကျန်တော့တဲ့ အနေအထားဖြစ်နေတယ်”

အဲဒီစစ်ကောင်စီတပ်တွေဟာ ကိုင်းတွင်းရွာက ပြန်လည်ထွက်ခွာသွားပေမယ့် ကိုင်းတွင်းရွာ အနီးက မင်းတိုင်ပင်ရွာထဲမှာပဲ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိရှိနေသေးတယ်လို့ သူက ပြောပါတယ်။

မင်းတိုင်ပင်ရွာမှာတော့ နေအိမ်တချို့မီးလောင်နေတာ မြင်တွေ့ရပေမယ့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ် ၂၃၀ ဝန်းကျင်ရှိတဲ့ ကိုင်းတွင်းရွာက ဒေသခံ တစ်ထောင်ဝန်းကျင်နဲ့ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မင်းတိုင်ပင်ရွာက ဒေသခံ နှစ်ထောင်နီးပါးဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အရပ်သားတွေနေထိုင်တဲ့ ရွာတွေထဲကို ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်က ဒီအကြောင်း မဖြေကြားနိုင်သေးဘူးလို့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org