စေတီတည်တဲ့ကိစ္စ ပြည်ထောင်စု အစိုးရထံ တင်ပြထား
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရား ရှိခိုးကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူ ဆရာတော်က စေတီတည်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်ရမလဲ ဆိုတဲ့ညွှန်ကြားချက်ကိုရ ဖို့ ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြ ထားပါတယ်။
-
2016-04-24 -
-
-
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူဆရာတော်က စေတီတည်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက် ဆောင်ရွက်ရမလဲ ဆိုတဲ့ညွှန်ကြားချက်ကိုရဖို့ ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြထားပါတယ်။
ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီမတည်ဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က လျှောက်ထားခဲ့ကြောင်း ကရင်ပြည်နယ်၊ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။
"စေတီတော်တည်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့က ပြည်နယ် သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ အဲ့ဒီကနေပြီးတော့ ဆရာတော်ဆီကို မေတ္တာရပ်ခံစာ ပေးပို့ပါတယ်၊ ၁၃ ရက်နေ့မှာ ဘုရားထီးတင်လိုက်တယ်ဆိုတဲ့ အခြေအနေအထိကိုရောက်သွားတယ်၊ ကြိုတင်ကာကွယ်နေတဲ့ကြားက မဖြစ်ဖြစ်အောင်ဖြစ်သွားတာပါ၊ ကျနော်တို့ ပြည်ထောင်စုအစိုးရဆီကို အစီရင်ခံပြီးတော့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုကို ကျနော်တို့စောင့်မယ်"
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကစပြီး ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်းမှာ စေတီ တည်ဖို့စခဲ့တာပါ။
ပြည်နယ်အစိုးရက မြိုင်ကြီးငူဆရာတော်နဲ့ တွေ့ဆုံခွင့်လျှောက်ထားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ လည်းပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့နှစ်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မီးဇိုင်းရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ လည်း စေတီတည်ခဲ့ဖူးတယ်လို့ ဝန်ကြီးကအတည်ပြုပြောပါတယ်။ မီးဇိုင်းရွာ ခရစ်ယာန် ဘုရားကျောင်း က မြေကိုခြမ်းပြီး စေတီအတွက်လှူဒါန်းခဲ့ပါတယ်။