ပေါက်မြို့နယ်က ရွာနှစ်ရွာမှာ နေအိမ် ၂၅၀ ကျော် မီးရှို့ခံရ
သူတို့ရွာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံတဲ့ရွာဖြစ်တာကြောင့် အခုလို မီးရှို့ခံရတာလို့ လယ်ယာရွာသားက ပြောပါတယ်။
-
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2022-03-04 -
-
-
မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်က လယ်ယာရွာနဲ့ လက်ပံလှရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ သြဇာခံ ပျူစောထီး တပ်ဖွဲ့ဝင်တွေဝင်လာပြီး နေအိမ်အလုံး ၂၅၀ ကျော်ကို မီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
မတ်လ ၂ ရက်နေ့ ညမိုးချုပ်ပိုင်းမှာ လယ်ယာရွာကို အရင်ဝင် မီးရှို့သွားတာ ဖြစ်ပြီးတော့ နောက်တစ်နေ့ မနက် ၇ နာရီလောက်မှာ လက်ပံလှရွာကိုလည်း ထပ်ရှို့သွားတာလို့ ဆိုပါတယ်။
လယ်ယာရွာမှာ အိမ်ခြေ ၂၄၃ အိမ်ရှိတဲ့ထဲက အိမ် ၂၁၀ မီးရှို့ခံခဲ့ရတာကြောင့် အိမ် ၃၃ လုံးပဲကျန်ခဲ့တယ်လို့ ဒေသခံရွာသားတစ်ယောက်က RFA ကိုပြောပါတယ်။
သူတို့ရွာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ရွာဖြစ်တာကြောင့် အခုလို မီးရှို့ခံရတာလို့ အဲဒီရွာသားက ပြောပါတယ်။
"ကျွန်တော်တို့ လယ်ယာကျေးရွာက NLD ပါတီကို ထောက်ခံတဲ့ရွာဖြစ်ပါတယ်။ တစ်ရွာလုံး NLD ဖြစ်လို့ မီးရှို့ခံရတယ်လို့ ယူဆတယ်၊ စကစတွေ အုပ်စိုးနေသမျှ ကိုယ်တစ်ရွာတည်း ဖြစ်တာမဟုတ်ဘူး၊ ကျွန်တော်တို့ရွာကတော့ အခုမှ ခံစားရတာပေါ့၊ ခံစားရတော့ စိတ်ဒဏ်ရာ အပြင်းအထန်ရတယ်၊ သူတို့ကို တွေ့တဲ့နေရာကို လုပ်ချင်တယ်"
အိမ်တွေ မီးရှို့ခံရတာကြောင့် နာကျည်းချက်နဲ့ စစ်ကောင်စီကို ပြန်တိုက်ချင်ပေမယ့် သူတို့ဟာ တောင်ယာလုပ်ရွာသားတွေဖြစ်တာကြောင့် ပြန်တိုက်စရာ ဘာလက်နက်မှ မရှိဘူးလို့ ဆိုပါတယ်။
လက်ပံလှရွာမှာတော့ အိမ်ခြေ ၇၀ ကျော်ရှိတဲ့အနက် အိမ်အလုံး ၅၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ ရွာသား တစ်ယောက်က အခုလိုပြောပါတယ်။
"ကျွန်တော်တို့ရွာတွေမှာ PDFတွေရှိတယ်ဆိုပြီး၊ မီးရှို့သွားတာ၊ ကျွန်တော်တို့က ဘာအဆက်အသွယ်မှမရှိပါဘူး၊ စစ်တပ်နဲ့ ဗျူစောထီးတွေပေါင်းပြီး ဝင်ရှို့တာ၊ ကျွန်တော်တို့က တခါမှဒါမျိုး မကြုံဖူးဘူး"
အဲဒီရွာတွေကို လက်နက်ကြီးတွေနဲ့လည်း စစ်တပ်ဘက်ကပစ်ခတ်ခဲ့တာကြောင့် ကလေးလူကြီး အကုန်လုံးဟာ ကြောက်လန့်ပြီး လက်ရှိ တောတောင်တွေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
အလျင်စလို ထွက်ပြေးလာရလို့ စားနပ်ရိက္ခာတွေလည်း ခက်ခဲနေသလို လက်ပံလှရွာရော လယ်ယာရွာထဲက အိမ်တွေ အကုန်လုံးလိုလို မီးလောင်ခံရတာမို့ ပြန်စရာအိမ် မရှိဖြစ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
မကွေးတိုင်းဟာ စစ်ကောင်စီတပ်တွေကို ရတဲ့နည်းနဲ့ ပြန်လည်တိုက်ခိုက်နေတဲ့ တိုင်းတစ်တိုင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဘက်က အဲဒီဘက်ကရွာတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာပါ။
အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရလို့ လိုင်းမိလိုက် မမိလိုက် ဖြစ်နေတယ်လို့ ရွာသား တစ်ဦးကလည်း ပြောပါတယ်။
"ကျနော်တို့ ဆီမှာ အင်တာနက်ပိတ်ခံထားရတာ ပြီးခဲ့တဲ့နှစ် ခြောက်လပိုင်း လောက်ကတည်းကပါ၊ အင်တာနက်ရော၊ ဖုန်းလိုင်းရော ဖြတ်တောက်ခံထားရတယ်"
RFA က ဒီဒေသခံတွေနဲ့ ဖုန်းနဲ့ ဆက်သွယ်စကားပြောချိန်မှာလည်း လိုင်းအကြိမ်ကြိမ် ပြတ်တောက်ခဲ့ပါတယ်။
ပေါက်မြို့နယ်ထဲက ရွာတွေ မီးရှိ့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကပြောဆိုချက် မရသေးပါဘူး။ အာဏာသိမ်းပြီးနောက် ဒေသတော်တော်များများမှာ စစ်တပ်က ရွာတွေကို မီးရှို့တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ရုပ်ပုံ ဗီဒီယိုမှတ်တမ်းတွေနဲ့ တကွ ပြောဆိုနေကြပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က မီးရှို့တာ မရှိကြောင်း အမြဲငြင်းဆိုနေတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံးမှာ မီးရှို့ခံရတဲ့ နေအိမ်ပေါင်း အလုံးခြောက်ထောင့် နှစ်ရာနီးပါးရှိတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar က မတ်လ ၂ မှာ ထုတ်ပြန်ထား ပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ အများဆုံးဖြစ်ပြီး၊ မကွေးတိုင်းက တတိယအများဆုံးဖြစ်ပါတယ်။