မြ၀တီက အွန်လိုင်းငွေဂိုဏ်းမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး ပြန်လည်လွတ်မြောက်လာ

မြ၀တီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။

မြ၀တီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်က အွန်လိုင်းငွေလိမ်ဂိုဏ်းမှ ပိတ်မိနေပြီး လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသား ၁၁ ဦးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ India in Myanmar (Embassy of India, Yangon Photo

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၁ ဦး ဇူလိုင်လ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ ဒေသခံတွေရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး လွတ်မြောက်လာသူတွေကို အိန္ဒိယနိုင်ငံကို ပြန်ပို့ရေးနဲ့ နေရပ်ပြန်ရေးကိစ္စတွေကို ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်ဒေသဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ လူကုန်ကူးခံရမှုတွေ၊ ငွေလိမ်ဂိုဏ်းတွေမှာ လူတွေ ပိတ်လှောင်နှိပ်စက်ခံရတာတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်နေကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ နယ်ခြားစောင့်တပ် (BGF) ကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ မေလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ခြောက်လအတွင်း ထွက်ခွာဖို့ သတိပေးစာ ထုတ်ထားပါတယ်။

ဒါပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကတော့ ဒီနေ့အထိ ဆက်လက်လည်ပတ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org