စစ်ကိုင်းတိုင်းမှာ PDF တွေ တိုက်ခိုက်လို့ ရေတပ်စစ်သင်္ဘောနစ်မြုပ်
စစ်ကောင်စီရေတပ်က စစ်သင်္ဘော ၁၃ စင်းပါတဲ့အုပ်စုကို ကနီမြို့နယ် ရွှေစာရေးဝဲအရောက်မှာ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်တဲ့ PDF အဖွဲ့ ၄ ဖွဲ့မှာ ပါဝင်တဲ့ ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦး က ပြောပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022-07-23 -
-
-
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက ကြည်းတပ်နဲ့ လေတပ်အပြင် ရေတပ်ကိုပါ အလုံးအရင်းနဲ့ သုံးစွဲပြီး ကျေးရွာတွေကို ဖျက်ဆီးလုယက်ကာ ရွာသားတွေကို ဖမ်းဆီးညှဉ်းပန်းမှုတွေ ပြုလုပ်နေသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကလည်း ပြောက်ကျားစနစ်နဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေရာမှာ PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရေတပ်သင်္ဘောတစ်စင်း ဇူလိုင်လ ၁၈ ရက်နေ့က ချင်းတွင်းမြစ်အတွင်း နစ်မြုပ်သွားခဲ့တယ်လို့ သတင်းရပါတယ်။
စစ်ကောင်စီရေတပ်က စစ်သင်္ဘော ၁၃ စင်းပါတဲ့အုပ်စုကို ကနီမြို့နယ် ရွှေစာရေးဝဲအရောက်မှာ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်တဲ့ PDF အဖွဲ့ ၄ ဖွဲ့မှာ ပါဝင်တဲ့ ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦး က ပြောပါတယ်။
“စစ်သင်္ဘော ၁၃ စင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ကိုဆန်တက်လာတာ၊ အဲဒီမှာ ကျနော်တို့ ဒေါင်းမျိုးဆက်ရယ်၊ အလင်းရောင်အဖွဲ့ရယ်၊ MRDA တော်ဝင်နဂါးတပ်မတော်ရယ်၊ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ရယ် ၄ ဖွဲ့ပေါင်းပြီး တစ်နေရာစီက ပစ်ကြတာ။ နေ့လယ် ၁ နာရီခွဲပတ်ဝန်းကျင်လောက်။ ၁၃ စင်းထဲက ၆ စင်းမြောက်ကို ကနီမြို့နယ် ရွှေစာရေးဝဲအရောက် မြစ်အကျဉ်းဆုံးနေရာမှာ ကျနော်တို့ပစ်တာ”
အဲဒီစစ်သင်္ဘောဟာ သရက်ပင်ရွာအနီးမှာ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
“မှန်တယ်၊ သင်္ဘောကတစ်ပတ်လည်ပြီးမှ သူတို့ ပြန်ဆန်သွားတယ်။ ဒါပေမဲ့ ရေဗိုက်ကပေါက်သွားပြီ။ ဆန်သွားပြီးမှ သူတို့ စက်ပျက်ပြီး ပြန်မျောလာတာ။ သရက်ပင်ရွာနဲ့ ရေဘုတလင်ရွာ ၂ ရွာအကြားမှာ မြုပ်သွားတာ။ ကျနော်တို့ ဗီဒီယိုဖိုင်ရှိတယ်”
ဇူလိုင် ၂ဝ ရက်နေ့ကလည်း စစ်သင်္ဘောတစ်စင်းကို သူတို့ PDF တွေ တိုက်ခိုက်ခဲ့သေးတယ်လို့ ဦးထွန်းထွန်းဦး ကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှတ်တမ်းတင် ဗီဒီယိုဖိုင်တွေကို အင်တာနက်အခက်အခဲကြောင့် အခု သတင်းတင်ဆက်ချိန်အထိ မရရှိသေးပါဘူး။ ဒီအတောအတွင်း ဇူလိုင် ၂၂ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တစ်ခုဟာ ယင်းမာပင်မြို့နယ် ကျောက်မော်ရွာမှာ ညအိပ်ရပ်နားပြီးနောက် ၂၃ ရက်နေ့ မနေ့မနက် ၄ နာရီခန့်မှာ ရွာထဲကို လက်နက်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ရွာသား ၄ဝ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဦးထွန်းထွန်းဦး က ပြောပါတယ်။
ကျောက်မော်ရွာသားတစ်ဦးရဲ့ပြောဆိုချက်အရ အိမ်တွေမှာရှိတဲ့ ငွေ၊ ရွှေ၊ တယ်လီဖုန်း စတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း စစ်သားတွေက အဓမ္မလုယက်ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
အခုလို စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာဟာ တော်လှန်မှု အပြင်းထန်ဆုံးနယ်မြေဖြစ်တဲ့အပြင် စစ်ရေးအရ အရေးပါတဲ့အတွက် ဖြစ်တယ်လို့ ဦးထွန်းထွန်းဦးက ပြောပါတယ်။ တကသ ကျောင်းသားဟောင်းများ အင်အားစုက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းကလည်း စစ်ကိုင်းတိုင်းကို ပြည်တွင်းပြည်ပကနေ အားစိုက်ကူညီကြဖို့ လိုတယ်လို့ ပြောကြားပါတယ်။
“စစ်ကိုင်းတိုင်းကတော့ လက်ရှိ တော်လှန်ရေးရဲ့ အပြင်းထန်ဆုံးနေရာဖြစ်သလို တကယ့်ကို တော်လှန်ရေးအတွက် အားသာတဲ့နေရာဖြစ်တယ်။ ဒါကြောင့်လည်း စစ်ကောင်စီက စစ်ကိုင်းတိုင်းကို ရက်ရက်စက်စက် ရွာတွေမီးရှို့တာတွေ၊ လူသတ်တာတွေ၊ မုဒိမ်းကျင့်တာတွေ တောက်လျှောက် လုပ်နေတာဖြစ်ပါတယ်။ အဓိကကတော့ သူတို့ရဲ့ စိတ်ဓာတ်ကျဆင်းမှုပေါ့။ စစ်တပ်က စစ်ကိုင်းတိုင်းမှာ အခြေမလှဖြစ်နေလို့ အကြမ်းဖက်မှုတွေကို တိုးပြီး လုပ်နေတာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ စစ်ကိုင်းတိုင်းအတွက်ကိုတော့ အများကြီး အားစိုက်ဖို့လိုတယ်။ လူသားချင်းစာနာမှု အထောက်အကူတွေ စစ်ရှောင်ဒုက္ခသည်တွေကို ပေးဖို့တော့ နိုင်ငံတကာကရော ကျနော်တို့ပြည်သူတွေကပါ တကယ့်ကို အားစိုက်ဖို့ လိုပါတယ်”
အခုလို ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မရရှိနိုင်သေးပါဘူး။