မင်းပြားမြို့နယ်မှာ ဒေသခံတစ်ဦး မိုင်းနင်းမိလို့ သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုင်းဗဟို (၉) စစ်ကောင်စီတပ်စခန်းအနီးမှာ စက်တင်ဘာ ၂၂ ရက် မနေ့ညနေပိုင်းက ဒေသခံတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ကျေးရွာသားတွေက RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံစုရွာမှာ မိုင်းနင်းမိသူတစ်ဦးကို ဆေးရုံပို့ဖို့ ခေါ်ဆောင်လာသည်ကို တွေ့ရစဉ်။ Photo: Citizen Journalist

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုင်းဗဟို (၉) စစ်ကောင်စီတပ်စခန်းအနီးမှာ စက်တင်ဘာ ၂၂ ရက် မနေ့ညနေပိုင်းက ဒေသခံတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ကျေးရွာသား တွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ အိုးပုံတောင်ကျေးရွာက အသက် ၃၉ နှစ်အရွယ် ဦးထွန်းလှသိန်း ဖြစ်ပြီး နွားရှာသွားစဉ် မိုင်းနင်းမိလို့ သေဆုံးသွားခဲ့တာလို့ အမည်မဖော်လိုတဲ့ ကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

"တိုင်းဗဟို(၉)နားမှာ နွားရှာဖို့နှစ်ယောက်သွားတာ။ သူမိုင်းထိတယ်။ နောက် တစ်ယောက်ကတော့ ဘာမှမဖြစ်ခဲ့ဘူး။ ရွာကို လာပြောတယ်။ ကျနော်တို့ ညဉ့်မှာ ဓာတ်မီးတွေနဲ့ သွားယူခဲ့ရတယ်။ ၁၀ နာရီမှာ ရွာကို ရောက်တယ်။ မိုင်းထိဒဏ်ရာ လေးချက်နဲ့ သေဆုံးသွားတာပါ"

သူ့ရဲ့ အလောင်းကိုတော့ ဒီနေ့မှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးထွန်းသိန်းမှာ ဇနီးနဲ့အတူ အရွယ်မရောက်သေးတဲ့ သား သုံးဦးနဲ့ သမီး တစ်ဦး ကျန်ရှိခဲ့ပါတယ်။ အကြီးဆုံး သားကတော့ ၁၃ နှစ်ဖြစ်ပြီး အငယ်ဆုံးကတော့ ၂ နှစ် သာ ရှိသေးတာပါ။

အခု မိုင်းနင်းမိတဲ့နေရာဟာ ကျေးရွာနဲ့ နှစ်မိုင်ခန့်အကွာ တိုင်းဗဟို(၉) စစ်ကောင်စီတပ်က သိမ်းထားတဲ့ လယ်မြေထဲမှာဖြစ်ပြီး အဲဒီမိုင်းဟာလည်း စစ်ကောင်စီတပ်က ထောင်ထား တာလို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကာလ အတွင်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲလို့ ဒေသခံ ၇၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၄၆ ဦး ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ဇူလိုင်လ ၁၉ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့တပ်စွဲထားတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး အဲဒီမိုင်းတွေရဲ့ဒဏ်ကို ရခိုင်ပြည်သူတွေအပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း ပြည်သူတွေ ဆိုးဆိုးဝါးဝါး ခံနေရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းအနီးအနားတွေ၊ သူတို့ တပ်ချခဲ့တဲ့နေရာတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကို မသွားလာဖို့ကိုလည်း AA က သတိပေးပါတယ်။

အခုလို ရခိုင်မှာ မြေမြှုပ်မိုင်းပေါက်ကွဲလို့ ဒေသခံတွေ သေဆုံးထိခိုက်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အဲဒီမိုင်းတွေဟာ သူတို့ထောင်ထားတဲ့ မိုင်းတွေမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ မေလအတွင်းက RFA ကို ပြောဆို ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org