ပခုက္ကူမြို့စစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်က ရှစ်ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ ကြီးရွာစစ်ဆေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ဒေသအခြေစိုက် PDF အဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့တယ်လို့ Pokukku North People Defence Force (PKU N PDF) အဖွဲ့က ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ဆေးဂိတ် တစ်ခုကို တွေ့ရစဉ် Photo: CJ

မကွေးတိုင်း၊ ပခုက္ကူမြို့ ကြီးရွာစစ်ဆေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ဒေသ အခြေစိုက် PDF အဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့တယ်လို့ Pokukku North People Defence Force (PKU N PDF) အဖွဲ့က ပြောပါတယ်။

ပခုက္ကူ - ရေစကြိုလမ်းပိုင်း ပခုက္ကူစက်မှုဇုန်မြောက်ဘက်မှာရှိတဲ့ ကြီးရွာစစ်ဆေးဂိတ်ကို PKU N PDF နဲ့ Southern YSO PDF အဖွဲ့တို့ပူးပေါင်းကာ ရှော့ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ PKU N PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်က လမ်းပေါ်မှာ မတ်တပ်ရပ်တဲ့သူက ရပ်နေတာ၊ ဘန်ကာထဲမှာ ရပ်နေတဲ့ သူက ရပ်နေတာဗျ။ ပြည်သူရှင်းပြီဆိုတာနဲ့ ခွဲတာပါ။ ကျွန်တော်တို့ မြေပြင်အခြေ အနေအရ အစောကတည်းက ခန့်မှန်းတာက ဂိတ်တစ်ခုလုံး အသေတွက်ပြီးသား"

ရှော့ပြောင်းနဲ့ အပစ်ခံရပြီး နာရီဝက်လောက်အကြာမှာ စစ်ကောင်စီဘက်က တပ်ကူတွေ ရောက်လာပြီး အနီးနားပတ်ဝန်ကျင်ကို ပစ်ခတ်မှုတွေရှိတယ်လို့ ပြောပါတယ်။

အဲဒီနေရာဟာ ပခုက္ကူ ခလရ ၂၅၉ တပ်နဲ့နီးပြီး ည ၁၂ လောက်အထိ ပစ်ခတ်သံတွေ ကြားရတယ်လို့ ပခုက္ကူ မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း ပခုက္ကူမြို့မလမ်းပေါ်မှာရှိတဲ့ အင်းဝဘဏ်ရှေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပခုက္ကူ PDF အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူ PDF အဖွဲ့က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org