ပိတ်ဆို့မှုတွေ ကန် ရုပ်သိမ်းတော့မယ်

သမ္မတအိုဘားမားက မြန်မာပြည်အပေါ် ပိတ်ဆို့မှုတွေကို အမြန်ဆုံးရုပ်သိမ်းတော့ မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ ဆုံဆွေးနွေးပွဲအပြီးမှာ သူက အခုလို ပြောကြား ခဲ့တာပါ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ ဝါရှင်တန် ဒီစီမြို့က သမ္မတအိမ်ဖြူတော်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းစဉ် Photo: The White House

သမ္မတအိုဘားမားက မြန်မာပြည်အပေါ်ပိတ်ဆို့မှုတွေကို အမြန်ဆုံးရုပ်သိမ်းတော့မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါ တယ်။ အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ သူက အခုလို ပြောကြားခဲ့ တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေးပေးတဲ့ နိုင်ငံတခုစာရင်းကနေ ၁၉၈၉ ခုနှစ်မှာ ပယ်ဖျက်ခဲ့တာကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သမ္မတ အိုဘားမားက အမေရိကန်လွှတ်တော်ကို မနေ့က အကြောင်းကြားခဲ့ပါတယ်။

သမ္မတအိုဘားမားနဲ့ တွေ့ဆုံပွဲအပြီး မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာဖြစ်ကြောင်းနဲ့ အခုအချိန်ကတော့  ပိတ်ဆို့မှုအားလုံးကို ပြန်လည်ရုပ်သိမ်းရမယ့် ကာလ ရောက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အခုအချိန်ဟာ နိုင်ငံခြားက လာရောက်ရင်းနှီးမြုှပ်နှံလိုသူတွေကို ကျမတို့တိုင်းပြည်ဟာ လက်ကမ်းကြိုဆိုရမယ့် အချိန်ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ကျမတို့မှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖွဲ့စည်းပုံဥပဒေတရပ်ရှိပါတယ်။ တပ်မတော်ကို နိုင်ငံရေးမှာ အထူးအခွင့်အရေးပေးထားတဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။ အမှန်ပြောရရင် ကျမရဲ့ဖခင်ထူထောင်ခဲ့တဲ့ တပ်မတော်ကို ကျမ အင်မတန်သံယောဇဉ် ရှိပါတယ်။ ကျမတို့ နိုင်ငံရဲ့တပ်မတော်ကို ပြည်သူလူထုက လေးစားတဲ့ တပ်မတော် တခုအဖြစ်မျှမကပဲ တိုင်းပြည်ရဲ့အကျိူးစီးပွားအတွက် ရန်စွယ်အသွယ်သွယ်က ခုခံကာကွယ်နိုင်စွမ်းရှိပြီး ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာနဲ့ ပြည့်ဝတဲ့ တပ်မတော်တခု ဖြစ်လာစေချင်ပါတယ်။ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ကဏ္ဏမရှိဘူးလို့ ကျမတို့ယူဆပါတယ်။ ဒါကြောင့် ကျမတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်တဲ့ ကျမတို့နိုင်ငံမှာ မတူကွဲပြားမှုတွေကို အင်အားတွေအဖြစ်စုစည်းပြီး စစ်မှန်တဲ့၊ ဒီမိုကရေစီပြည့်ဝတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တခုအဖြစ် တည်ဆောက်ချင်ပါတယ်။  ကျမတို့ညီညွတ်မှ သာယာဝပြောတဲ့ နိုင်ငံတခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အငြင်းပွားမှုတွေ တင်းမာမှုတွေကိုလည်း ဥပက္ခာပြုလို့ မဖြစ်ပါဘူး။ ရခိုင်ပြည်နယ်ဟာ အလွန်ဆင်းရဲနေပေမယ့် တိုးတက်ဖွံ့ဖြိုးနိုင်စွမ်း အများကြီးရှိတဲ့ ပြည်နယ်ဖြစ် ပါတယ်။ ကျမတို့ အားလုံး အတူလက်တွဲဖို့လိုပါတယ်။ ဖွံ့ဖြိုးရေးနဲ့အတူ တပြိုင်နက်မှာပဲ နိုင်ငံသားဖြစ်သင့် သူတွေ နိုင်ငံသားဖြစ်ခွင့်ရဖို့လည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်လုပ်ငန်းရှင်တွေကို မြန်မာပြည်မှာ လာရောက်မြုှပ်နှံကြဖို့ ဖိတ်ခေါ်ကြောင်း၊ လိုအပ်တဲ့ရင်းနှီးမြုှပ်နှံမှုဥပဒေကို ပြဌာန်းမှာဖြစ်ကြောင်းနဲ့ အဲဒီလို လာရောက်မြုှပ်နှံမယ့်သူတွေအနေနဲ့ သူ့ဖက် ကိုယ့်ဖက် မျှမျှတတဖြစ်အောင် ဆောင်ရွက်လုပ်ကိုင်ကြစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

မနေ့ကကျင်းပတဲ့ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာပြည်က တိုးတက်မှုတွေကို ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကပြဿနာတွေ ဖြေရှင်းရေး အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအနန် ဦးဆောင်တဲ့ ကော်မရှင်ဖွဲ့စည်းမှု၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပင်လုံညီလာခံကျင်းပမှုအပါအဝင် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုတွေကို ချီးကျူးရင်း အမေရိ ကန်ပြည်ထောင်စုက ဆက်လက်ကူညီမယ့် အကြောင်းတွေကိုပြောကြားပါတယ်။ အိုဘားမားက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဖို့အလားအလာများစွာရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီလိုတိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ထက်ကောင်းတဲ့ ခေါင်းဆောင်မရှိပါဘူး။ မိမိတို့ ၂ နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်လို့ ပြော ဆိုခဲ့ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအိုဘားမား ဆွေးနွေးပွဲကို အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ အနေနဲ့  အားရဝမ်းသာကြိုဆိုကြောင်း ကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှဖုန်းမြင့်က ပြောပါတယ်။

"မြန်မာ့စီးပွားရေးပိတ်ဆို့မှု အက်ဥပဒေကို ဖျက်သိမ်းသင့်တယ်လို့ တိုက်တွန်းခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ အယူဝါဒသဘောထားကို ကျနော်တို့ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီက အပြည့်အဝထောက်ခံပါတယ်။ ကျနော်တို့ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီကတော့ ၂ဝ၁၂ ပေါ့နော် မြန်မာနိုင်ငံ ပွင့်လင်းချိန်ကတည်းကစပြီးတော့ နိုင်ငံ့ စီးပွားရေး၊ ပြည်သူ့စီးပွားရေး တိုးတက်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး အစရှိတဲ့ကိစ္စအဝဝကို ပဓါနထားပြီးတော့ မြန်မာနိုင်ငံကို ပိတ်ဆို့ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကို ပျောက်ပြယ်အောင်လို့ လွှတ်တော်ရော အိမ်ဖြူတော်ကိုရော ထပ်ခါတလဲလဲ တိုက်တွန်းပေးခဲ့ပါတယ်။ အဲ့လိုတိုက်တွန်းခဲ့လို့ လည်း အခုလိုမျိုး မြန်မာနိုင်ငံ NLD အစိုးရခေတ်မှာ ပြောင်းလဲလာတဲ့ တိုးတက်လာတဲ့ကိစ္စအဝဝ ကို ရှေးရှုပြီးတော့ အခုလိုမျိုးနှစ်ဖက်စလုံးက စီးပွားရေးပိတ်ဆို့မှုကိစ္စကို အခုလိုဆုံးဖြတ်ခဲ့တယ်လို့ ယုံကြည်ပါတယ်"

ဒါ့အပြင် အမေရိကန်အစိုးရက ပိတ်ဆု့ိမှုတွေကို ရုပ်သိမ်းပြီး မြန်မာပြည်ကလည်း တိုးတက်ကောင်းမွန်တဲ့ နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုဥပဒေကို ပြဌာန်းတဲ့အခါ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှာ မုချပါပဲလု့ိလည်း ဦးလှဖုန်းမြင့်က မှတ်ချက်ပြုပြောဆိုပါတယ်။

"အခုလက်ရှိပိတ်ဆို့ထားတဲ့ လုပ်ငန်းရှင် လုပ်ငန်းများစာရင်း အဲ့ဒါက မြန်မာနိုင်ငံရဲ့ လုပ်ငန်းပေါင်း ၅ဝ ကနေ ၇ဝ ရာခိုင်နှုန်းအထိကို ဒီအမေရိကန်စီးပွားရေးကို ဝင်ရောက်ပြီးတော့ တိုက်ရိုက်ပတ်သက်ခွင့် မရှိဘူးဆိုပြီးတော့ ရေးသားထားပါတယ်၊ အဲ့ဒါ ပယ်ဖျက်သွားမှာဖြစ်ပါတယ်၊ အဲ့လိုပယ်ဖျက်သွားတာ နဲ့အလျှောက် အမေရိကန်စီးပွားရေးတွေ အရှိန်အဟုန်ပြင်းစွာနဲ့ မြန်မာနိုင်ငံကို ဝင်လာမယ်လို့လည်း ကျနော်တို့ယုံကြည်ပါတယ်၊ အဲ့လိုဝင်လာတဲ့စီးပွားရေးတွေနဲ့အတူ ပါလာမှာကတော့ အမေရိကန် စီးပွားရေးတွေနဲ့ ကမ္ဘာ့အဆင့်မီပညာတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ လူအခွင့်အရေးတို့ကို ပဓါနထားတဲ့ အမေရိကန်လုပ်ငန်းကျင့်ဝတ်တွေရယ် ပြီးတော့ နိုင်ငံတကာထောက်ပံ့မှုပေါ့နော် လူ့စွမ်းအားအရင်း အမြစ် မြှင့်တင်ရေးတို့ ကျန်းမာရေး ပညာရေး မြှင့်တင်ရေး အဲ့ဒါတွေပါပါလာမှာဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန် ဒီစီမှာ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းက ဒီကနေ့ ကြသပတေးနေ့ည  ကျင်းပမယ့် အခမ်းအနားမှာ မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ရှိပါတယ်။

ဒီတွေ့ဆုံပွဲအကြောင်းကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org