ဦးညီညီလွင်ကို စွဲချက်တင်ဖို့ တရားရုံး ဆုံးဖြတ်

၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရခေါ် ဦးညီညီလွင်ကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁)နဲ့ စွဲချက်တင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အရှင်ဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ် Photo: Hset Paing Toe/RFA

၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရခေါ် ဦးညီညီလွင်ကို မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁)နဲ့ စွဲချက်တင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဦးညီညီလွင်ဟာ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ခဲ့ကြောင်း အထောက်ထားမပြနိုင်ပဲ တရားလိုက စွပ်စွဲတာဖြစ်တယ်လို့ ဦးညီညီလွင်ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"တရားလိုက နှုတ်နဲ့စွပ်စွဲတာ စာရွက်စာတမ်း အထောက်အထားမရှိဘူး၊ အဲ့ဒီတော့ နှုတ်နဲ့စွပ်စွဲတဲ့ဥစ္စာကို ကျနော်တို့က နှုတ်နဲ့ရှင်းရတဲ့သဘော၊ ၂ဝ၁၃ ခုနှစ်ကစပြီးတော့ ထိုင်းနိုင်ငံမှာ ဆေးသွားကုတယ်၊ ပြန်ဝင် လာတဲ့အခါမှာ တရားမဝင်မဟုတ်ဘူးလို့ပြောတယ်၊ ဒါပေမဲ့လို့ ကျနော်တို့ဘက်ကနေ တင်ပြထားတဲ့ အချက်အလက်တွေအရက ၂ဝ၁၅ တုန်းကလည်း တရားဝင် ဝင်တယ်၊ အထောက်အထားတွေနဲ့ တင်ပြထား တယ်၊ သူတို့စွဲသလို မဟုတ်ဘူးဆိုတာတော့ ထင်ရှားတယ်"

ဦးညီညီလွင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် အာမခံပေးဖို့ ၂ ကြိမ် လျှောက်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဦးညီညီလွင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က မဟာအောင်မြေမြို့နယ် ပါဝါဟိုတယ်မှာ တည်းခိုနေစဉ် ဖမ်းဆီးပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁)နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ဦးဂမ္ဘီရ အခုလက်ရှိ ဦးညီညီလွင်ဟာ ဦးဆောင်သံဃာတစ်ပါး အဖြစ် ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ရာက ၂ဝ၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူဖြစ်ပြီး သြစတြေးလျနိုင်ငံသူနဲ့ အိမ်ထောင်ကျနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org