လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၄၅၀ ကျော် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၅ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်က ၁၀၁ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆေးရုံအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က တွေ့ရစဥ်။ Kokang Info

၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၃၂၁ ကြိမ်လုပ်ခဲ့ပြီး သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိခဲ့ကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီလေးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၉၀ ဦး၊ ကလေး ၄၀ ဦးနဲ့ ကျား/မ ခွဲခြားမသိရသူ ၂၄၃ ဦး သေဆုံးခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၅ ဦးနဲ့ အများဆုံးသေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်က ၁၀၁ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေးအဆောက်အအုံ ၆၁ ခု၊ စာသင်ကျောင်း ၂၈ ကျောင်းနဲ့ ဆေးရုံ ၁၆ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီဖြစ်စဉ်တွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဓာတုအဆိပ်ဗုံး အသုံးပြုခဲ့တဲ့ ဖြစ်စဉ် အနည်းဆုံး ရှစ်ခုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြောဆိုထားတယ်လို့လည်း ဖော်ပြပါရှိပါတယ်။ ဓာတုအဆိပ်ဗုံးသုံးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ၆၃ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၂၆၀ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၆၁၃ ဦးနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၈၁၃ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း အရပ်သား ၁၇၄၉ ဦးသေဆုံးခဲ့ပြီး ၂၄၅၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအချက်အလက်တွေဟာ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေပြုကောက်ယူထားတာလို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းစစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာတာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိထားကြဖို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၁၀ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာရှိနေတဲ့ လူအခွင့်အရေး အဖွဲ့အစည်းတွေကလည်း အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့နဲ့ စစ်ကောင်စီထံ တင်ပို့နေတဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်ဖို့ တောင်းဆိုထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org