NVC ကတ်နဲ့ လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတာ မဟုတ်ကြောင်း ဦးသိန်းဆွေ ပြော

NVC ကတ် ကိုင်ဆောင်ပြီး နိုင်ငံတဝှမ်း လွတ်လပ်စွာ သွားလာခွင့်ရှိတယ်ဆိုတာ မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်

NVC ကတ် ကိုင်ဆောင်ပြီး နိုင်ငံတဝှမ်း လွတ်လပ်စွာ သွားလာခွင့်ရှိတယ်ဆိုတာ မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။

နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးမှာ ဝန်ကြီး ဦးသိန်းဆွေ က ပြောတာဖြစ်ပါတယ်။

"မီဒီယာတချို့က ဖော်ပြနေသလို ဒီ NVC ကိုင်ရုံနဲ့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာ သွားခွင့်ရတယ်ဆိုတာ ဒါလုံးဝမဟုတ်ပါဘူး၊ ခွင့်လည်းမပြုနိုင်ပါဘူး၊ ပုံစံ ၄ ကို ဖြည့်ပြီးလျှောက်ရမယ်၊ ပြောချင်တာက ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောတဲ့စကားတွေကို အပြည့်အစုံ မဖော်ပြတဲ့အခါကျတော့ တချို့မီဒီယာတွေ ပြန်ဖတ်တဲ့အခါမှာ ခုနကလို စိုးရိမ်မှုတွေဖြစ်လာတယ်၊ NVC ထုတ်ပေးစဉ်ကတည်းက အခွင့်အရေးတွေ ရပိုင်ခွင့်တွေအတိုင်းဖြစ်ပါတယ်၊ ပိုပြီးတော့ အခုအစိုးရအနေနဲ့ ဖြေလျော့ပေးတာ၊ မီဒီယာတချို့မှာရေးနေတဲ့ ဒီလက်မှတ်လေးရရုံနဲ့ ကြိုက်တဲ့နေရာ သွားခွင့်ပြုတယ်ဆိုတာ မဟုတ်ပါဘူး"

NVC ကတ်ဟာ နိုင်ငံတွင်း နေထိုင်တယ်ဆိုတာကို အသိအမှတ်ပြုတာသာဖြစ်ပြီး ပုံစံ ၄ ဖြည့်ပြီးမှသာ သွားခွင့်ပြုတာ ဖြစ်တယ်လို့ ဦးသိန်းဆွေ က ပြောပါတယ်။

အဲဒီလိုလျှောက်ထားသူတွေဟာ အချိန် ၅ လအတွင်း နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေအရသာ ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်က ကော့ဘဇားခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ကနေပြန်လာမယ့် နေရပ်စွန့်ခွာ သူတွေကို NVC ကတ် ကိုင်ဆောင်ထားရင် လွတ်လပ်စွာသွားလာခွင့်ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

NVC ကတ်ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပြီး သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့မှာဖြစ်သလို မကြာခင်ကျင်းပမယ့် လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတွေက ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org