တနင်္သာရီ-မြိတ်လမ်းမှာ အသွားအလာမလုပ်ဖို့ NUG ထုတ်ပြန်

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း၂ တပ်ဖွဲ့ဝင်များအား တနင်္သာရီမြို့နယ်တစ်နေရာတွင် ၂ဝ၂၄ ခုနှစ် မေလ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: People's Defence Force- မြိတ်ခရိုင်တပ်ရင်း၂

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းကို အသုံးပြုပြီး ခရီးသွားလာတာတွေမလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သိန်ခွန်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မြိတ်-တနင်္သာရီလမ်းက ခရီးသွားကားတွေကို အကာအကွယ်ယူပြီး စစ်ရေးအရ အကျိုးအမြတ်ရအောင်လုပ်နေတာကြောင့် ခရီးမသွားဖို့ တားမြစ်တာလို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ရေးသားထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့နေရာတိုင်းမှာ အရပ်သားတွေကို ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သားတွေကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားတာတွေ ဆောင်ရွက်နေသလို အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ညက တနင်္သာရီမြို့နယ် ပဝရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ၂၃ ရက်နေ့မှာလည်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရှေ့သာရဖုံရွာက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တကူရွာအုပ်စုကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org