စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေရပ်ဖို့ တရုတ်ကို NUCC တိုက်တွန်း

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ၊ စစ်ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေ ရပ်တန့်ဖို့ NUCC က ဇွန်လ ၂၄ ရက်က တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ဝ၂၃ ခုနှစ် မေလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ Myanmar Military

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ၊ စစ်ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေ ရပ်တန့်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဇွန်လ ၂၄ ရက်က တိုက်တွန်းလိုက်ပါတယ်။

စစ်အုပ်စုက တရုတ်အတွက် အဖြေမဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီကသာ အဖြေပါလို့ NUCC တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိ မြန်မာ့အရေးမှာ တရုတ်နိုင်ငံ ချဉ်းကပ်ဆောင်ရွက်နေတာတွေဟာ စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေကိုသာ တွေ့နေရပြီး ဒီလိုဆောင်ရွက်နေတာတွေဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကိုမျက်ကွယ်ပြုရာရောက်တယ်လို့ ဇွန်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်နိုင်ငံရေးပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြဿနာတွေကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူတွေ ဆင်းရဲဒုက္ခ ကြာရှည်စေနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

နှစ်နိုင်ငံပြည်သူတွေအချင်းချင်းကြားမှာ ချစ်ကြည်ရင်းနှီးမှုတွေနဲ့ လက်ရှိအကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားအတွက် များစွာထိခိုက်နေတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းဖို့ ပြည်သူတွေကသာ အာမခံချက်ပေးနိုင်မှာဖြစ်ပြီး စစ်ကောင်စီက မပေးနိုင်ဘူးဆိုတာကို သဘောပေါက်ဖို့လိုတယ်လို့လည်း ထောက်ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းပီသစွာနဲ့ မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံထဲက တရုတ်အကျိုးစီးပွားတွေနဲ့ နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းဆောင်ရွက်ဖို့ အမှန်တကယ်ဆန္ဒရှိတယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေကို အထူးသတိပြုရှောင်ရှားဖို့ သတိပေးထားပါတယ်။

မြန်မာ့အရေးကို တရုတ်နိုင်ငံအနေနဲ့ လက်တွေ့ကျကျ ကူညီဖြေရှင်းဆောင်ရွက်နိုင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ နီးနီးကပ်ကပ် စဉ်ဆက်မပြတ် ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org