“ရိုဟင်ဂျာတွေ ပြေးစရာ နေရာမရှိ” အစီရင်ခံစာ BHRN ထုတ်ပြန်

လန်ဒန်မြို့အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက် BHRN က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး Nowhere to Run in Burma မြန်မာပြည်မှာ ပြေးစရာနေရာမရှိ လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို သြဂုတ်လ ၂၆ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ်။ Photo: BenarNews

လန်ဒန်မြို့အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက် BHRN က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး Nowhere to Run in Burma မြန်မာပြည်မှာ ပြေးစရာနေရာမရှိ လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို သြဂုတ်လ ၂၆ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အခုထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးနေမှုတွေကို အဓိက ဖော်ပြထားပါတယ်။  

မြန်မာလူ့အခွင့်အရေးကွန်ရက် အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက … ရခိုင်ပြည်နယ်မှာ သူတို့ ရိုဟင်ဂျာတွေ အနေနဲ့ လွတ်လပ်စွာသွားလာခွင့်မရှိဘဲ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာကို ဒီအစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ RFA ကို ပြောကြားခဲ့ပါတယ်။

ဒ့ါအပြင် ကျန်းမာရေးကုသမှုလိုအပ်သူတွေ ခွင့်ပြုချက်စောင့်ရင်း အသက်ဆုံးတာတွေရှိတယ်။  သူတို့ကို ရိုဟင်ဂျာအဖြစ် အသိအမှတ်မပြုဘဲ ဘင်္ဂါလီလို့ပဲ သတ်မှတ်ထားတဲ့အတွက် နိုင်ငံမဲ့သူတွေအဖြစ် အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။  NVC ပဲထုတ်ပေးတာဟာ နိုင်ငံသားအဖြစ် သတ်မှတ်ခြင်း မပြုဘဲ နေထိုင်ခွင့်ပဲပြုတာ ဖြစ်တယ်။ ခွင့်ပြုချက်မဲ့သွားလာသူတွေကို ထောင်ဒဏ်ချမှတ် ဖမ်းဆီးထားတာတွေ ရှိတယ်။ ဒါကြောင့် လွတ်လပ်စွာသွားလာခွင့်ပေးဖို့၊ ရိုဟင်ဂျာတွေအဖြစ် အသိအမှတ်ပြုဖို့နဲ့ ICJ ဆုံးဖြတ်ချက်တွေ လိုက်နာဖို့ မြန်မာအစိုးရကို တောင်းဆိုတယ် စသဖြင့် အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်း က အဓိကပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခေါ်အဝေါ်တခုကို ငြင်းခုန်ခြင်းဖြင့် အကျိုးမရှိနိုင်ဘူးလို့ RFA  ကိုပြောပါတယ်။

“သူတို့ကို ဘင်္ဂါလီလို့ခေါ်တာက ဘင်္ဂါလီစကားပြောလို့။ ဘင်္ဂါလီနဲ့ဆက်နွယ်တဲ့ စစ်တကောင်းက လာတာဖြစ်လို့ ခေါ်ဝေါ်တဲ့နာမည်ဖြစ်တယ်။ ဒါက  သူတို့အဓိပ္ပါယ်ဖွင့်နေသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတယ်လို့ ဆိုလိုတာ မဟုတ်ဘူး ။ ဘင်္ဂလားဒေ့ရှ်က ၁၉၇၂ ကမှ ပေါ်လာတာ။ အရင်က East Bangal လေ အိန္ဒိယအုပ်ချုပ်မှုအောက်မှာ။ အဲဒီတော့ ဘန်ဂေါပြည်နယ်ကလာတဲ့ လူတွေကို ဘင်္ဂါလီလို့ခေါ်တာပဲ။ ဒီနာမည်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရသတ်မှတ်ထားတဲ့ အစဉ်အဆက် အသိအမှတ်ပြုထားတဲ့အတိုင်း ကျနော်တို့ သွားရမှာပဲ။ ဒီနာမည်တခုတည်းနဲ့ အခွင့်အရေးသဘောမျိုး တောင်းဆိုပြီးတော့ ဒါကို ရှေ့တန်းတင်ပြီး လုပ်ရင်တော့ အဓိကပြဿနာဖြစ်တဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်တော့ ကျနော်တို့အဖြေက ဘယ်လိုမှမရနိုင်ဘူး”

ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင် ဟာဂျီ ဦးအေးလွင် က ….

“ရခိုင်မှာ ရှိနေတဲ့ camp က လူတွေ နေထိုင်မကောင်းဘူးဆိုရင် ဆေးရုံကိုသွားဖို့ အရင်ကထက်စာရင်တော့ နဲနဲ လွယ်ကူမှုရှိပေမယ့် အစောင့်အကြပ်နဲ့ သွားရတဲ့သဘောရှိတယ်။ အချိန်မတော်ဆိုရင် အစောင့်အကြပ်တွေ ခေါ်ဖို့ ဆိုတာကလည်း  အင်မတန်ခက်ခဲတယ်။ ဒီ့ပြင်ကိစ္စမဟုတ်ရင်တောင် အရေးပေါ်ကိစ္စတွေမှာ အကန့်အသတ်နဲ့ ခွင့်ပြုသင့်တယ်လို့ ကျနော်ထင်တယ်။ NVC နဲ့ပတ်သက်လို့လဲ NVC သည် အထောက်အထားမရှိတဲ့သူတွေအတွက် ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီအထောက်အထားမရှိသူတွေ နိုင်ငံသားလျှောက်ချင်ရင် NVC ကို ယူပြီးမှ လျှောက်ရမယ်ဆိုတဲ့ ဥပဒေစည်းကမ်းရှိနေပါရက်နဲ့ အထောက်အထားရှိပြီးသားသူတွေကို NVC လျှောက်ခိုင်းခြင်းဟာ ဒါဥပဒေနဲ့ သိပ်မကိုက်ညီဘူးလို့ ကျနော်မြင်ပါတယ်”

တဆက်တည်းမှာပဲ ဦးအေးလွင်က  အဲဒီသူတွေကို ရိုဟင်ဂျာဆိုပြီး သူတို့ တောင်းဆိုနေသလို  ခေါ်ဝေါ်သုံးစွဲခွင့်ပေးလိုက်ရင် အစ္စလာမ်နိုင်ငံထူထောင်လိမ့်မယ်လို့   ပြောဆိုနေတာတွေဟာ အပျက်သဘော  ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကိုဖီအာနန်ကော်မရှင်ကော်မရှင်မှာတုန်းက အတိုင်ပင်ခံပုဂ္ဂိုလ်က  ဒီပြဿနာကို ဖြေရှင်းနေခိုက်မှာ controversy ငြင်းခုန်မှုကို ရှောင်ရှားဖို့အတွက် ဘင်္ဂါလီလဲ မသုံးပါနဲ့။ ရိုဟင်ဂျာလဲ မသုံးပါနဲ့ဆိုပြီး အကြံပြုခဲ့တာရှိတယ်။ သို့သော် တကယ်တမ်း လူ့အခွင့်အရေး ရှုထောင့်က ကြည့်မယ်ဆိုရင် လူအုပ်စုတစု လူတယောက်ဟာ မိမိကိုယ်မိမိ သူဘာလဲဆိုတာ ပြောခွင့်ရှိပါတယ်။ အဲဒီလို အမည်နာမတပ်လိုက်တဲ့အတွက်ကြောင့် သူတို့ကို  တိုင်းရင်းသား ပေးရမယ်၊ ပြည်နယ်ခွဲထွက်မယ်တို့  နိုင်ငံတခု သီးခြား ထူထောင်လိမ့်မယ်တို့ Islamization လုပ်မယ်တို့ - ဒါတွေဟာ သက်သက်မဲ့ အပျက်ရှုတဲ့အမြင်ဖြစ်ပါတယ်။ အားလုံးပြေပြေလည်လည် ဥပဒေဘောင်အတွင်းက ဆွေးနွေးပြီးတော့ ဒါတွေဟာ နောက်ပိုင်းလုပ်ရမယ့်ကိစ္စ၊ အဲဒီလိုပဲမြင်ပါတယ်”


BHRN က  ထုတ်ပြန်တဲ့အစီရင်ခံစာမှာ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ရိုဟင်ဂျာပြဿနာ ပြေလည်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ထောက်ခံအားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org