ဗီဇာကန့်သတ်ထားခြင်းမရှိကြောင်း မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်ထုတ်ပြန်

မြန်မာအမျိုးသားတွေကို ပညာရေးဗီဇာ (ED Visa) လျှောက်ထားခွင့် ကန့်သတ်ထားတာ မရှိဘူးလို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်က မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ North-Chiang Mai University

မြန်မာအမျိုးသားတွေကို ပညာရေးဗီဇာ (ED Visa) လျှောက်ထားခွင့် ကန့်သတ်ထားတာ မရှိဘူးလို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်က မေလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသားတွေကို ပညာရေးဗီဇာလျှောက်ထားခွင့် ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကတွေက ကန့်သတ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက် အခုလိုထုတ်ပြန်လာတာပါ။

မြောက်ပိုင်းချင်းမိုင်တက္ကသိုလ်အနေနဲ့ တည်ဆဲဥပဒေ၊ လူ့အခွင့်အရေးနဲ့ တန်းတူပညာသင်ကြားခွင့် မူဘောင်တွေကို လေးစားလိုက်နာပြီး မြန်မာကျောင်းသားတွေကို မကန့်သတ်ထားဘူးလို့လည်း ဖော်ပြထားပါတယ်။

တက္ကသိုလ်တွေက ပညာသင်ကြားခွင့်ကန့်သတ်မထားပေမဲ့ ထိုင်းအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ မူဝါဒအပြောင်းအလဲကြောင့် ကျောင်းသားဗီဇာရဖို့ခက်ခဲနေတာလို့ ချင်းမိုင်မြို့အခြေစိုက် ပညာရေးဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောပါတယ်။

"ကျောင်းက လက်မခံတာ မဟုတ်ဘူး။ ကျောင်းက တရားဝင်လက်ခံတယ်။ ဒါပေမဲ့ ဗီဇာမရတော့ ဘာမှလုပ်ပေးလို့မရဘူး။ နိုင်ငံတွင်းမှာ ဗီဇာပြောင်းခွင့်မပေးတော့ ညီမတို့လည်း ဘာမှလုပ်ပေးလို့မရဘူး။ အခု ကျောင်းသားတွေကတော့ စိုးရိမ်စိတ်များနေပြီး အခြေအနေတွေကို စောင့်ကြည့်နေရတယ်"

အခုကန့်သတ်မှုကတော့ ထိုင်းနိုင်ငံအတွင်းကို အလည်အပတ်ဗီဇာနဲ့လာရောက်ပြီး ပညာရေးဗီဇာ ပြန်ပြောင်းလျှောက်သူတွေကို ကန့်သတ်ထားတာလို့လည်း သူကဆိုပါတယ်။

ဒါကြောင့် မြန်မာအမျိုးသားတွေအနေနဲ့ ထိုင်းနိုင်ငံပြင်ပက ထိုင်းသံရုံးတွေမှာ ပညာရေးဗီဇာကို တစ်ခါတည်းလျှောက်တားရင်တော့ ရနိုင်တယ်လို့ ပညာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ထိုင်းအစိုးရက တရားဝင်သတင်းထုတ်ပြန်လာတာတော့ မတွေ့ရသေးပါဘူး။

ထိုင်း၊ အင်္ဂလိပ်နဲ့ အခြားဘာသာစကားတွေ သင်ယူနိုင်ပြီး တစ်နှစ်နေထိုင်ခွင့်ရတဲ့ ပညာရေးဗီဇာတွေကို ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှာ လျှောက်ထားသူပေါင်း ထောင်နဲ့ချီရှိနေတယ်လို့ ချင်းမိုင်မြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org