ရပ် ကျေးအုပ်ချုပ်ရေး ဥပဒေ ပြင်ဆင်ရန်မရှိ
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ် ချုပ်ရေး ဥပဒေကို လတ်တလော မှာ ပြင်ဆင်ရေးဆွဲဖို့ အစီအစဉ် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက် ပါတယ်။
-
2016-05-09 -
-
-
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို လတ်တလောမှာ ပြင်ဆင်ရေးဆွဲဖို့ အစီအစဉ် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက် ပါတယ်။
တရားဥပဒေစိုးမိုးရေးအားကောင်းလာစေဖို့အတွက် ၂၀၁၂ ခုနှစ် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ ကို ပြည်သူ့ဆန္ဒနဲ့ အညီ ပြန်လည်ရေးဆွဲဖို့ အစီအစဉ် ရှိ မရှိ ကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးကံဦး က မေးမြန်းရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြန်လည်ဖြေကြားခဲ့တာဖြစ် ပါတယ်။
"ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို နည်းဥပဒေများကို စတင်ရေးဆွဲချိန်ကပင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးရေးမှူးများအား ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အများဆန္ဒနဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ခန့်အပ်တာဝန်ပေးအပ်ပြီး အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ၊ လုံခြုံရေး၊ တရားဥပဒေဆိုင်ရာကိစ္စရပ် များကို တိတိကျကျဆောင်ရွက်စေနိုင်သည့် ဥပဒေ နည်းဥပဒေများ ဖြစ်ပေါ်လာစေရေးအတွက် ပြည်ထဲရေး ဝန်ကြီးဌာနသည် တခြားဆက်စပ်ဌာနများ၊ ဥပဒေပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များရဲ့ အကြံပြုချက်ရယူ၍၎င်း၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ရဲ့ ဥပဒေအကြံပြုချက်များရယူ၍၎င်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးချယ်ဖွဲ့စည်းထားသည့် လွှတ်တော်နှစ်ရပ်၏ အတည်ပြုချက်ရယူ၍၎င်း ရေးဆွဲပြဌာန်းခဲ့သည့်အပြင် ယင်းဥပဒေ နည်းဥပဒေများကို လိုက်နာအကောင် အထည်ဖော်ရာ၌ ဖြစ်ပေါ်လာသည့် အားနည်းချက်များကိုလည်း အဆင့်ဆင့်စိစစ်ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လျှက်ရှိခြင်းတို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောပြင်ဆင်ရေးဆွဲရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်"
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြည်ထဲရေး ဝန်ကြီးဌာနက ရေး ဆွဲပြဌာန်းထားတာဖြစ်ပါတယ်။
အဲဒီဥပဒေအရ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မရွေးချယ်ခင် ဆယ်အိမ်စုကိုယ်စားလှယ်တွေကို အရင်ရွေး ချယ်ပြီးမှ အဲဒီဆယ်အိမ်စုကိုယ်စားလှယ်တွေ ထဲကနေ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးတွေကို ပြန်လည်ရွေးချယ် ရတာဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေအချင်းချင်း မဲပေးရွေးချယ်ရတာ ဖြစ်တဲ့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက လွှတ်တော် မှာ ပြောခဲ့ပါတယ်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပြီး ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က လွှတ်တော်ထံ တင်သွင်းထားပါတယ်။