NLD လူငယ်များ၏ စတုဒီသာအလှူ ဧည့်ပရိသတ်စည်ကား

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ရုံးချုပ်ရှေ့မှာ မြန်မာ့ရိုးရာအတာ သြင်္ကန် ပွဲတော်အဖြစ် စတုဒီသာကျွေးတဲ့ ပွဲတခု ဒီနေ့ ဧပြီ ၁၄ ရက် သြင်္ကန် အကျနေ့ မနက်က ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးရှေ့တွင် ဧပြီ ၁၄ ရက် သြင်္ကန်အကျနေ့က NLD လူငယ်များ စတုဒီသာ အလှူ မုန့်လက်ဆောင်း တိုက်ကျွေးနေပုံ ဖြစ်ပါသည်။ လက်ဝဲအစွန်ဆုံးမှ ပုဂ္ဂိုလ်မှာ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ဖြစ်သည်။ (Photo Courtesy of Demo Waiyan) Photo Courtesy of Demo Waiyan

ဒီအလှူကို NLD ဗဟိုလူငယ်အဖွဲ့က ဦးဆောင် ကျင်းပခဲ့တာပါ။ ပွဲမှာ မုန့်လက်ဆောင်းကျွေးပြီး နောက်ပိုင်းမှာ ဖျော်ရည်အအေး တိုက်တယ်လို့ NLD လူငယ်ခေါင်းဆာင် ကိုမျိုးညွန့်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေကနေ စတုဒီသာ ကျွေးတယ်။ ဒီနေ့ ကျွေးတာက မုန့်လက်ဆောင်းပေါ့။ ညနေကျရင် မုန့်လုံးရေပေါ် ကျွေးမယ်။ ကျွေးတဲ့အခါကျတော့ ကျွန်တော်တို့ အဖွဲ့က လူတွေလည်း လာတယ်၊ နောက် လမ်းကပေါ့၊ ဝယ်တဲ့လူတွေပေါ့၊ ကားတွေက ရပ်ရပ်ပြီးတော့ လာသောက်ကြတယ်ပေါ့၊ အဲလိုမျိုးပေါ့။ ပါဆယ်ပေးရင်လည်း ပေးလိုက်တယ်။ လာပြောသွားတဲ့လူက ဒါမှ ငါတို့အမေ၊ ဒါ ငါတို့အမေ ဆိုပြီး ပြောကြတာ ရှိတယ်။”

လူငယ်တွေရဲ့ စတုဒီသာကျွေးပွဲကို NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးဝင်းတင်နဲ့ ဦးဟံသာမြင့်တို့လည်း သွားရောက်ခဲ့ပါတယ်။

မနက်ဖြန်မှာလဲ NLD လူငယ်တွေက စတုဒီသာကျွေးဖို့ ပြင်ဆင်ထားပြီး နှစ်ဆန်းတရက်နေ့မှာတော့ ပရိတ်ရွတ်ပွဲနဲ့ သက်ကြီးဝါကြီးတွေကို ပူဇော်တဲ့ပွဲ ကျင်းပမယ်လို့ သိရပါတယ်။

ရန်ကုန်သြင်္ကန်က မနှစ်က ဗုံးကွဲထားတဲ့ အရှိန်ကြောင့် ဒီနှစ်မှာ လုံခြုံရေး တင်းကျပ်ထားသလို စည်စည်ကားကား မရှိဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org