သြစတြေးလျသံအမတ်သစ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြိုဆို
လာမဲ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလက စတင်မဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် ၃ နှစ်သက်တမ်းအတွက် သြစတြေးလျ နိုင်ငံခြားရေးရာနဲ့ ကူးသန်းရောင်းဝယ်ရေးဌာန ထိပ်တန်းအရာရှိ Ms. Bronte Moules ကို ခန့်အပ်လိုက်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
-
2010-12-20 -
-
-
လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး Ms. Michelle Chan ဟာ ယခုနှစ် ဒီဇင်ဘာလမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး Ms. Bronte Moules က လာမဲ့ ဇန်နဝါရီလကစပြီး သံအမတ်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပါတယ်။
အခု အသစ်ခန့်အပ်လိုက်တဲ့ သံအမတ်ကြီးဟာ အာရှနိုင်ငံတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တဲ့ သံတမန်တဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် အထူးသင့်တော်တယ်လို့ ထင်မြင်ယူဆကြောင်း သြစတြေးလျ အခြေစိုက် မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက ပြောပါတယ်။
“ကျွန်တော့အနေနဲ့ကတော့ ဒီ သံအမတ်ဟောင်း မစ်ရှဲလ် ချန်းရော၊ အခုလာမဲ့ သံအမတ် ဘရွန့် မိုးလ်စ်ရော၊ နှစ်ယောက်စလုံးဟာ အာရှနဲ့ ပတ်သက်ပြီးတော့ အထူး ကျွမ်းကျင်တဲ့ သံတမန်တွေလည်း ဖြစ်တယ်၊ နောက်ပြီးတော့ သူတို့ဟာ တကဲ့ကို အကြီးတမ်း သံတမန် အရာရှိတွေ အဖြစ်နဲ့ နိုင်ငံခြားရေးဌာမှာလည်း နှစ်ပေါင်းအကြာကြီး ထမ်းဆောင်ဖူးတဲ့လူ ဖြစ်တယ်ဆိုတော့ မြန်မာနိုင်ငံအတွက် အင်မတန် သင့်တော်တယ်လို့ ကျွန်တော် ယူဆပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD နဲ့ တိုင်းရင်းသားပါတီတွေ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးနဲ့လည်း သံအမတ်ကြီး မစ်ရှဲလ် ချန်း မကြာမကြာ တွေ့ဆုံဆွေးနွေးပြီးတော့ ထိတွေ့ခဲ့သလိုပဲ အခု နောက်ဖြစ်လာမဲ့ သံအမတ်အသစ်ကလည်းပဲ ဒီ မူဝါဒတွေပေါ်မှာပဲ ဆက်လက်ပြီးတော့ ကိုင်စွဲပြီးတော့ ဒီထက်မက ပိုပြီးတော့ ကြိုးစားပြီး လုပ်ဆောင်သွားမယ်လို့ ကျွန်တော်တို့ အနေနဲ့ မျှော်လင့်ပါတယ်။”
အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆိုကြောင်း အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
“သြစတြေးလျရဲ့ ရပ်တည်ချက်တွေဟာ ဒီမိုကရေစီရေးအတွက် အများကြီး အားကိုးအားထား ပြုလောက်ပါတယ်။ အဲဒီ အစိုးရ ရပ်တည်ချက်တွေကို နောက် သံအမတ်ကြီးကလည်း ပိုပြီးတော့ ခိုင်မာစေအောင်၊ မြင့်မားစေအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ သို့မဟုတ်ရင်လည်း သူတို့အစိုးရရဲ့ ဒီမိုကရေစီ အင်အားစုများအပေါ်မှာ ရပ်တည်နေတဲ့ ခိုင်မာတဲ့ ရပ်တည်ချက်တွေကို ကိုင်စွဲပြီးတော့ ကျွန်တော်တို့ ဒီမှာလည်း ဗမာပြည်အရေးကို ဆောင်ရွက်တဲ့အခါမှာ ဗမာပြည်တွင်းက ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေ အတွက် အများကြီး အားကိုးအားထား ပြုလောက်တဲ့ လုပ်ငန်းတွေကို၊ ဆက်ဆံမှုတွေကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီသံအမတ်ကြီးကိုလည်း အခု အသစ်ရောက်လာတဲ့ သံအမတ်ကြီးနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ ကြိုဆိုတဲ့ သဘောထား ရှိပါတယ်လို့ ပြောချင်ပါတယ်။”
မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက လက်ရှိသံအမတ်ကြီး Ms Michelle Chan ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သြစတြေးလျအစိုးရရဲ့ ပံ့ပိုးကူညီမှု ပိုပြီးရအောင် ဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ သံတမန်ရေးအရ မြန်မာစစ်အစိုးရအပေါ် သြစတြေးလျအစိုးရနဲ့တကွ နိုင်ငံတကာ အစိုးရတွေကပါ ပြင်းထန်တဲ့ ဖိအားပေးမှုတွေ ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်ခဲ့သလို အခု သံအမတ်အသစ်ကလည်း စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။