Wikileaks ဖော်ပြချက် NLD အတွက် အရေးမကြီးကြောင်း ဦးတင်ဦး ပြောဆို

၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင်သူတွေရဲ့အခန်းကဏ္ဍ အပေါ် အမေရိကန်သံအရာရှိတွေကြား ဝေဖန်မှုတွေ ရှိခဲ့တာကို Wikileaks အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ဒီလို ဖော်ပြတာဟာ NLD အဖွဲ့ချုပ်အတွက် အရေးတကြီး ကိစ္စမဟုတ်ကြောင်းနဲ့ အဲလို အခြေအနေတွေ ဖြစ်ရတာဟာလည်း စစ်အစိုးရဖက်က ဖန်တီးထားလို့သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။

္လ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ Photo Courtesy of demowaiyan.co.cc

“ဒါတွေ ပြန်ပြီး ဖော်ထုတ်တယ်ဆိုတာကတော့ ကျွန်တော်တို့အနေနဲ့က ဒါ သိပ်ပြီးတော့ ရေးကြီးခွင့်ကျယ် ဖြစ်လှတယ်လို့ ကျွန်တော် မထင်ပါဘူးခင်ဗျ။ အဲဒီအချိန်အခါကဗျာ၊ ကျွန်တော်တို့ရော၊ ဒေါ်အောင်ဆန်းစုကြည်တို့ရော၊ ဦးဝင်းတင်တို့ကလည်း အချုပ်ထောင်ထဲမှာ ရှိကြတယ်။ ပြီးတော့ အလယ်အလတ်ပိုင်း လုပ်နိုင်မဲ့လူတွေအားလုံးကလည်း အကျဉ်းထောင်ထဲမှာဗျာ။”

“အဲဒီတော့ ကျန်တာ အသက်အရွယ်ကြီးကြီးနဲ့ ပုဂ္ဂိုလ်တွေ ကျန်တယ်။ နောက်ပြီးတော့ လူငယ်ထဲက လုပ်နိုင်တဲ့အတိုင်းအတာတွေကလည်း အကျဉ်းထောင်ထဲမှာဗျာ။ ကျန်တဲ့လူတွေနဲ့ပဲ နေရတယ်။ ဆိုတော့ သူတို့ခမျာ၊ အားလုံးကလည်း ဆက်လက်ပြီးတော့ ဒီ NLD ကြီးကို ရပ်တည်သွားနိုင်အောင် သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ဆောင်ရွက်သွားတဲ့ အပိုင်းတွေမှာ လျော့တာဖြစ်ရင် ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ အခြေအနေအရ၊ အတိုင်းအတာအရ၊ ဒီလို ဖြစ်ကြရတာ ဖြစ်ရစမြဲပဲဆိုတဲ့ ကျွန်တော် မြင်ပါတယ်။ နောက်တခုက ဒီလို လုပ်ငန်းကိစ္စ အဝဝ ဖြစ်အောင်လုပ်တဲ့ တရားခံက ဘယ်သူလဲဆိုတာ သိတာပေါ့ဗျ။ ဟိုဖက်က အကြောင်းရှိလို့ အကျိုးဖြစ်တာပါ။”

အဲဒီ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေထဲမှာ လူထုကြားထဲ နိုင်ငံရေး ပြန်လည်နိုးကြားပြီး ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည် အားကောင်းလာအောင် ကြိုးပမ်းခဲ့ကြတဲ့ အင်အားစုတွေရဲ့ ဆွေးနွေးမှုတွေကို အဲဒီအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “အန်ကယ်ကြီး” တွေဟာ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ အမေရိကန် သံအရာရှိတွေကြားမှာ လျှို့ဝှက်ပေးပို့တဲ့ ကြေးနန်းအဖြစ် Wikileaks အင်တာနက် စာမျက်နှာမှာ ဖော်ပြထားသလို၊ အန်ကယ်ကြီးတွေရဲ့ ဦးဆောင်မှုအောက်က NLD ပါတီဟာ အထက်အောက် ခွဲခြားမှု ကြီးမားပြီး တက်ကြွလွန်းသူလို့ ယူဆသူတွေကို အဖွဲ့ဝင်အဖြစ်က ထုတ်ပစ်လေ့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း အဲဒီတုန်းက နုတ်ထွက်ခဲ့တဲ့ အောက်မြန်မာနိုင်ငံ NLD လူငယ်လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ နို်င်ငံရေးအကျဉ်းသားဟောင်း ကိုခင်ထွန်းက အခုလို ပြောပါတယ်။

“အဲဒီတုန်းက အဖွဲ့ချုပ်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ရွှေရဲ့ သဘောထားဟာ သူဟာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လုပ်သလို ထက်ထက်မြက်မြက်တော့ သူမလုပ်နိုင်ဘူး။ အဲဒီတော့ သူက ပါတီ မပျက်ရေးကိုပဲ သွားမယ်လို့ ဆိုတဲ့အခါကျတော့ အစိုးရနဲ့ အဲလို အတိုက်အခံ ဖြစ်ပြီးတော့ ပါတီရဲ့ ရပ်တည်မှု ထိခိုက်နိုင်တဲ့ ကိစ္စမျိုးတွေကို သူရှောင်တဲ့အခါကျတော့ အခြား အင်အားစုတွေနဲ့ တက်ကြွတဲ့ အင်အားစုတွေ ကြားမှာ အားမလို အားမရ ဖြစ်စရာတွေ ရှိခဲ့တာပေါ့ဗျာ။”

“တချို့ကတော့ လူငယ်တွေက တက်ကြွတဲ့ စိတ်နဲ့ လှုပ်ရှားတဲ့အခါမှာ တပ်ဦးကျွံသွားနိုင်တယ်လို့ သူတို့က ဒီလို သံသယ ရှိတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်းပဲ ထိန်းချုပ်ထားတဲ့အခါကျတော့ ကျွန်တော်တို့ အဖွဲ့ချုပ် လူငယ်တွေက ထက်ထက်မြက်မြက်နဲ့ မဆောင်ရွက်နိုင်ခဲ့ဘူး။”

အဲဒီကာလက NLD ပါတီမှာ အသက်ကြီးရင့်နေသူတွေ ဦးဆောင်နေရတဲ့အတွက် တိုင်းရင်းသား အရေးတွေ ဆောင်ရွက်ဖို ၊့ ပြည်နယ်နဲ့တိုင်းကိစ္စတွေ ဖော်ဆောင်ဖို့တွေမှာလည်း ပျက်ကွက်ခဲ့တယ်လို့ ကိုခင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ပါတီမပျက်ပြယ်ရေးမူ တခုတည်းပေါ်မှာ ရပ်တည်ထားတဲ့ ခေါင်းဆောင်တွေရဲ့ အောက်မှာ တက်ကြွ ထက်မြက်တဲ့ လူငယ်တွေ အနေနဲ့ လုပ်ပိုင်ခွင့်တွေ ထိန်းချုပ် ခံထားရတဲ့အတွက် အခြား ၈၈ မျိုးဆက်ကျောင်းသားတွေလို သွက်သွက်လက်လက် မလှုပ်ရှားနိုင်ခဲ့ဘူးလို့လည်း ကိုခင်ထွန်းက သုံးသပ် ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org