NLD မုန်တိုင်းဒုက္ခသည် ကူညီရေးအဖွဲ့ ကျောက်ဖြူမြို့နယ်မှာ ကူညီ
ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်း ဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့ ပေးဖို့ ရန်ကုန်မြို့ကနေ ထွက်ခွာသွားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဟာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာကို ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ သွားရောက်ပြီး အကူအညီ အထောက်အပံ့တွေ ကူညီ ပေးအပ်ခဲ့ကြပါတယ်။
-
2010-12-15 -
-
-
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်က ဆိုင်ကလုံး ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် လေဘေးဒုက္ခသည်များ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတခုသို့ စုရုံး ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: RFA Listener)
(Photo: RFA Listener)
မုန်တိုင်း ဒုက္ခသည်တွေအတွက် ဆန်အိတ် ၅၀ ကျော် အဝတ်အထည် ၄ ထုပ် သင်္ကန်း၊ ထီး၊ ယပ်၊ ဖိနပ် အထုပ် ၁ ထုပ်နဲ့ ဆေးဝါးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မင်းပြင်ရွာက ဒုက္ခသည်တွေဟာ စေတနာ့ဝန်ထမ်းအဖွဲ့တဖွဲ့က ကူညီတဲ့ ဆန်အိတ် ၄၅ အိတ်သာ အခုအချိန်အထိ လက်ခံရရှိထားကြောင်း၊ အခု ကူညီမှုဟာ ဒီဒုက္ခသည်တွေအတွက် ဒုတိယ အကူအညီ ရရှိတာ ဖြစ်ကြောင်း သိရပါတယ်။
ဦးအေးသာအောင်နဲ့ အဖွဲ့ဟာ မနက်ဖြန်မှာ ကျောက်ဖြူမြို့က မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့နေရာတွေကို သွားရောက် လှူဒါန်းမယ်လို့ ဦးအေးသာအောင် က ပြောပါတယ်။
ရခိုင်ပြည် လေဘေးကူညီရေးအတွက် သွားရောက်တဲ့ ဒီအဖွဲ့မှာ ဦးအေးသာအောင် ၊ ဦးထောင်ကိုထန်းနဲ့ CRPP အဖွဲ့ဝင်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာ မေဝင်းမြင့် ၊ ဦးကြည်ဝင်း အပါအဝင် စုစုပေါင်း ၈ ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။