ရွေးကောက်ပွဲပညာပေးစာရွက် NLD ဖြန့်ဝေ

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေကို ပြည်သူတွေ သိရှိစေဖို့ အသိပညာပေးတဲ့ စာရွက်တွေကို တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး မြို့နယ်အတွင်း ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ပြည်သူတွေအနေနဲ့ စောင့်ကြည့်လို့ ရသလို၊ အတင်းအဓမ္မ မဲပေးခိုင်းရင်လည်း တိုင်ကြားပိုင်ခွင့် ရှိကြောင်းနဲ့ မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကနေ ပေးပို့လာတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နည်းဥပဒေ အချက်အလက်တွေ ရေးသားထားတဲ့ စာရွက်တသောင်းကျော်ကို ဖြန့်ဝေခဲ့ကြတာပါ။

မြိတ်မြို့ပေါ် ၁၂ ရပ်ကွက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်း အဖွဲ့ဝင်တွေ၊ အမျိုးသမီး အဖွဲ့ဝင်တွေနဲ့ လူငယ် အဖွဲ့ဝင်တွေက အဖွဲ့ ၅ ဖွဲ့ ခွဲပြီး ရပ်ကွက်တွေထဲမှာ လိုက်လံ ဖြန့်ဝေခဲ့ကြတာလို့ သိရပါတယ်။

ဒီလို ဖြန့်ဝေခဲ့တာနဲ့ ပတ်သက်ပြီး ဦးဆောင် လှုပ်ရှားခဲ့သူတဦးဖြစ်တဲ့ မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးစိုးလွင် က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“ဗဟိုကနေ ချပေးလိုက်တဲ့ ဒီရွေးကောက်ပွဲ နည်းဥပဒေများနဲ့ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများ ဆိုတဲ့ ကြေညာစာတမ်းတွေ၊ အဓိက က ဘာလဲဆိုတော့ ကျနော်တို့ ဒီ ကြိုတင်မဲကို မဲဆန္ဒရှင်က ပေးလိုမှ ပေးနိုင်တယ်ဆိုတဲ့ အကြောင်းတွေ ရေးထားတယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မတွေကို ချိုးဖောက်ပြီး ကျူးလွန်တဲ့လူရှိရင် ရဲစခန်းကို တိုင်နိုင်တဲ့အကြောင်းတွေ၊ ရွေးကောက်ပွဲနေ့မှာ မဲစာရင်းတွေ အများပြည်သူရှေ့မှာ ရေတွက်ရမယ် ဆိုတဲ့အကြောင်းတွေ ပါတယ်။ မဲစာရင်းထဲ မိမိအမည် မပါရင် တောင်းဆိုနိုင်တဲ့ အကြောင်းတွေ ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မဲပေးနိုင်တဲ့ အခွင့်အရေး ရှိသလို မဲမပေးဘဲ နေနိုင်တဲ့ အခွင့်အရေးတွေ ပါတယ်။ အကြောင်းအရာလည်း ပါတယ်။ ကျနော်တို့ ဒီ မြိတ်မြို့အနေနဲ့ စောင်ရေ တသောင်းလောက် ရပ်ကွက်ပေါင်းစုံကို ကျနော်တို့ ဖြန့်ဝေခဲ့တယ်”
 
ရွေးကောက်ပွဲ နည်းဥပဒေဆိုင်ရာ အသိပညာပေး စာရွက်တွေ ဖြန့်ဝေရတာဟာလည်း ဥပဒေထဲမှာပါတဲ့ စောင့်ြကြည့်ပါ၊ တောင်းဆိုပါ၊ ကန့်ကွက်ပါ ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ အချက်အလက် အပြည့်အစုံ ရေးသားထားတဲ့ အကြောင်းအရာတွေကို မဲဆန္ဒရှင် ပြည်သူလူထုတွေ သိရှိစေဖို့  ဖြန့်ဝေရတာလို့ ဆက်ပြောပါတယ်။
 
အခုလို ပညာပေးစာစောင်တွေ ဖြန့်ဝေခဲ့မှုအပေါ် NLD အဖွဲ့ဝင်တွေကို အာဏာပိုင်တွေက နှောက်ယှက် ဟန့်တားတာတွေ မရှိခဲ့ပေမဲ့ ဝေငှသွားတဲ့ အသိပညာပေး စာရွက်တွေကိုတော့ လိုက်လံ သိမ်းဆည်းခဲ့တယ်လို့ လူငယ်တာဝန်ခံ တဦး ဖြစ်တဲ့ ကိုအောင်ကျော်စိုးက ပြောပါတယ်။
 
ဒီကနေ့ ညနေ ၄ နာရီမှာတော့ မြိတ်မြို့နယ်စည်း အဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့ဝင် လေးဆယ်လောက်ဟာ တီရှပ် အဖြူရောင်ပေါ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ်လို့ ရေးသားထားတဲ့ အင်္ကျီတွေ ဝတ်ဆင်ပြီး မြို့နယ်အတွင်း တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ အောင်ချမ်းသာဘုရား၊ ဘုရားကန်ဘုရား၊ သိမ်တော်ကြီးဘုရားနဲ့ ပါတော်မူ ဘုရားတွေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org