အာဇာနည်နေ့ NLD ချီတက်မည်

၆၄ နှစ်မြောက် အာဇာနည်နေ့မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူဦးရေ အကန့်အသတ်နဲ့ အာဇာနည် ဗိမာန်ကို နေ့ခင်းပိုင်းမှာ ချီတက်ပြီး လွမ်းသူ့ပန်းခွေ ချမယ်လို့ သိရပါတယ်။

ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုရန် ၂ဝ၁ဝ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ လွမ်းသူ့ပန်းခွေ ကိုင်ဆောင်ကာ ချီတက်လာပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

ရွှေဂုံတိုင်လမ်းမှာ ရှိတဲ့ ရုံးချုပ်ကို စုရပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူဦးရေ ၁၀၀ က အာဇာနည် ဗိမာန်ကို ချီတက် လွမ်းသူ့ပန်းခွေချမှာလို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီမိုကရေစီ အင်အားစုနဲ့ လူငယ်ကွန်ယက်တို့ တွဲပြီး၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ဝါရင့် နိုင်ငံရေးသမားများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပါဝင်မယ်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ အာဇာနည်နေ့ အခမ်းအနား ကို နေ့ခင်း ၁၁ နာရီက စတင် ကျင်းပမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦးတို့က အမှာစကား ပြောကြားမှာ ဖြစ်ကြောင်း၊ နိုင်ငံခြား သံတမန်တွေကိုလည်း ဖိတ်ခေါ်ထားကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အာဇာနည်နေ့မှာ မနက် ၁၀ နာရီက ညနေ ၄ နာရီအတွင်း အများပြည်သူတွေ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လာရောက် ဂါရ၀ ပြူနိုင်တယ်လို့ မနေ့က ထုတ်တဲ့ အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ လာရောက်ဖို့ ရှိတဲ့အတွက် ဒီကနေ့ ညနေ ၆ နာရီက မနက်ဖြန် မနက် ၁၀ နာရီအထိ လမ်းတချို့ ပိတ်ထားမှာ ဖြစ်ပြီး အများပြည်သူ အဝင်အထွက် လမ်းကြောင်းနဲ့ ဂိတ်တွေမှာ လုံခြုရေး အရ အစစ်အဆေး ရှိမယ်လို့လည်း ရေးသားထား ပါတယ်။

ဇူလိုင်၁၉ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့တော်ဝန် ဦးဆောင်တဲ့ အစိုးရ တာဝန်ရှိသူတွေ တက်ရောက် ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org