ဟင်္သာတမှာ USDP နဲ့ NLD ထောက်ခံသူတွေ ပဋိပက္ခဖြစ်
ဟင်္သာတမြို့နယ်၊ တာဂွကျေးရွာလမ်းဆုံမှာ NLD ပါတီဝင်တွေနဲ့ USDP ပါတီဝင်တွေကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့က ပဋိပက္ခဖြစ်ခဲ့ပြီး လက်ရှိမှာ NLD ပါတီဝင် ၁၅ဦး ဒဏ်ရာရခဲ့တယ်ဆိုပြီး အမှုဖွင့်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေက RFA ကို အတည်ပြုပါတယ်။
-
2020-10-12 -
-
-
ဟင်္သာတမြို့နယ်၊ တာဂွကျေးရွာလမ်းဆုံမှာ NLDပါတီဝင်တွေနဲ့ USDPပါတီဝင်တွေကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့က ပဋိပက္ခဖြစ်ခဲ့ပြီး လက်ရှိမှာ NLD ပါတီဝင် ၁၅ဦး ဒဏ်ရာရခဲ့တယ်ဆိုပြီး အမှုဖွင့်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ထွန်းရွှေက RFAကို အတည်ပြုပါတယ်။
အောင်နိုင်ရေးသီချင်းဖွင့်လှစ်က ခုန်နေတဲ့ NLD ပါတီဝင်တွေနဲ့ အောင်နိုင်ရေး လှည့်လည်လာတဲ့ USDP ယာဉ်တန်း ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်ခဲ့တာလို့ NLDပါတီရဲ့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂) ကိုယ်စားလှယ်လောင်း ဦးဝိုင်းမောင်စိုးက ပြောပါတယ်။
“ NLD ပါတီဝင်တွေက သီချင်း၊ ဆောင်းဘောက်ဖွင့်ပြီးတော့ ကခုန်နေကြတာရှိတယ်ပေါ့။ သူတို့ ယာဉ်တန်းကလည်း လှည့်လည်လာတာနဲ့ သွားကြုံတယ်ပေါ့။ ကြုံတော့ ရွာခံတချို့လို့ ယူဆစရာရှိတယ်။ ယာဉ်တန်းထဲမှာပါတဲ့ ရွာခံတချို့ကစပြီးတော့ NLDပါတီဘက်ကို ရန်စပြီးတော့ ဆဲဆိုတယ်ဗျာ။ နောက်ပြီးတော့ ခဲတွေနဲ့ပစ်ကြတော့ အဲဒီမှာ ထောင်ထားတဲ့ အလံတွေချိုးတာတို့၊ လွှတ်တော်ကိုယ်စားလှယ် ဗီနိုင်းဆိုင်းဘုတ်တွေကို ခဲနဲ့ထုပြီး ဖျက်ဆီးတာတို့ လုပ်တယ်။ အဲဒီမှာ ကခုန်နေကြတာတွေလည်း အမျိုးသားနည်းတယ်၊ ကလေးတွေနဲ့ အမျိုးသမီးတွေ။”
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဘက်ကလည်း လူကိုးဦး ဒဏ်ရာရရှိခဲ့ပြီး လှည့်လှည်သည့် ယာဉ်တချို့လည်း ပျက်စီးမှု တွေရှိခဲ့တာမို့ ပြန်ပြီးအမှုဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ဟင်္သာတမြို့နယ်က USDP ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဌေးဝင်းက ပြောပါတယ်။
ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်လို့ USDP ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဌေးဝင်း ပြောတာက
“ အဲဒီလိုဖြစ်တော့ အဖွဲ့တွေကို မင်းတို့ကိုဗစ်ကာလမို့လို့ မထွက်ရဘူးပြောထားတာ မင်းတို့ ပြန်ထွက်ဆိုတော့ ပြန်ထွက်ကြတော့ လူစုကွဲသွားတာပေါ့။ အဲဒီအချိန်မှာ တာဂွကနေပြီးတော့ လူ ၁၅၀ လောက်ရှိတဲ့ လူအုပ် ကနေပြီးတော့ ကျောက်ပုံနှစ်ပုံမှာ ခွထိုင်နေပြီးတော့ လာလဲလာရော ဘာမပြော၊ညာမပြောနဲ့ ဆဲတဲ့သူက ဆဲ ၊ လှန်ပြတဲ့သူက လှန်ပြပြီးတော့ ခဲတွေနဲ့ ဝိုင်းပေါက်ကြတာပေါ့။ ပေါက်တော့ ကိုယ့်လူတွေကလည်း ဆင်းပြေးပြီးတော့ လွတ်တဲ့ကားကလည်း လွတ်တာပေါ့၊ မလွတ်တဲ့ကားကလည်း ရပ်နေတာပေါ့၊ မိလိုက်တဲ့ လူတွေကလည်း ဆင်းပြေးပြီးတော့ သူတို့လည်း လမ်းဘေးက တွေ့တဲ့ခဲတွေနဲ့ ပြန်ပေါက်ကြ ဘာညာနဲ့ အဲဒီလိုဖြစ်သွားတာပေါ့။”
တာဂွကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ NLD နဲ့ USDP ပါတီကြား ပဋိပက္ခခဖြစ်စဉ် က ဧရာဝတီတိုင်းအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ လူအများဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဟင်္သာတမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို USDP က ဦးဌေးဦး နဲ့ NLD က ဦးဝင်းဇော်မိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကို USDPက ဦးတင်စိုးနဲ့ NLD က ဦးဝိုင်းမောင်စိုး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) နေရာကို USDP က ဦးညွှန့်လှိုင် နဲ့ NLD က ဦးခင်စိုး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) နေရာကို USDP က ဦးခင်ဦးနဲ့ NLD က ဦးအေးမင်းတို့က ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။