NLD အစိုးရလက်ထက်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင် ပြန်လွတ်လာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်တို့ အောက်တိုဘာ ၂၆ ရက် ဒီနေ့ နေ့လယ်ပိုင်း ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-10-26
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်တို့ အောက်တိုဘာ ၂၆ ရက် ဒီနေ့ နေ့လယ်ပိုင်း ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီလို့ သူတို့နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နဲ့ ဦးသန်းဌေးတို့သုံးဦးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) နဲ့ ထောင်သုံးနှစ်စီ ချမှတ်ခဲ့တာပါ။
အဲဒီအထဲက နှစ်ဦးပြန်လည် လွတ်မြောက်လာတာဖြစ်ပြီး ဦးသန်းဌေးကတော့ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဆက်လက် ထောင်ဒဏ်ကျခံနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက သူတို့ကို ဘာကြောင့် လွှတ်ပေးလိုက်တယ်ဆိုတာ မသိရသေးသလို အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) နဲ့ပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ထောင်သုံးနှစ်စီ ချခံထားရပါတယ်။
NLD အစိုးရ အဖွဲ့ဝင်တွေအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ယူခဲ့သူ စုစုပေါင်း ၅၀၅ ဦးကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ အရေးယူထားတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၁၇ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။