NLD နဲ့ SNLD ပါတီကို အရေးယူဖို့ မတ်လ ၂၇ ရက်နောက်ပိုင်း စစ်ကောင်စီရဲ့ UEC ဆုံးဖြတ်ကြေညာမည်

ငွေစာရင်း အစစ်ခံဖို့ ပျက်ကွက်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို မတ်လ ၂၇ ရက်နေ့နောက်ပိုင်း အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဒီနေ့ ပြောလိုက်ပါတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က NLD ပါတီအတွက် မဲဆွယ်စည်းရုံးနေတဲ့ အနှေးယာဉ်လုပ်သားများ။ Photo: AFP

ငွေစာရင်း အစစ်ခံဖို့ ပျက်ကွက်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို မတ်လ ၂၇ ရက်နေ့နောက်ပိုင်း အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဒီနေ့ ပြောလိုက်ပါတယ်။

NLD ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေး က ပါတီရဲ့အဓိကထိပ်ပိုင်းခေါင်းဆောင်တွေကို မတရား ဖမ်းဆီး ထိန်းသိမ်းထားပြီး ပါတီကိုငွေစာရင်းစစ်ဖို့ ကြိုးစားတာတွေက ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်ပါတယ်။

“ရွေးကော်ကလည်း ဥပဒေအရ တရားမဝင်ဘူး၊ တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့အတွက် လက်ခံဆောင်ရွက်စရာမရှိဘူး၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အကုန်လုံးလည်း မတရားဖမ်းဆီးထားတဲ့အခြေအနေမှာ ဒါက အပြုသဘောဆောင်တဲ့ ယုတ္တိရှိတဲ့အခြေအနေမဟုတ်ပါဘူး။”

SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့် ကတော့ ပါတီရုံးကို လာရောက် စစ်ဆေးနိုင်ကြောင်းနဲ့ အစစ်ခံဖို့ အာဏာရှင်ဆန်ဆန် ညွှန်ကြားတာမျိုးကို လက်မခံကြောင်း ပြောပါတယ်။

“ကျွန်တော်တို့က အစစ်မခံတာမဟုတ်ဘူး၊ သူတို့ခေါ်တဲ့နေရာ မသွားနိုင်တာ၊ ကျွန်တော်တို့ရုံးကို လာစစ်နိုင်တယ်။ ငါတို့ခိုင်းတဲ့နေရာ လာရမယ်ဆိုတာ မဟုတ်သေးဘူး။ အာဏာရှင်ဆန်ဆန် မင်းတို့ ဒီနေရာကို လာအစစ်ဆေးခံဆိုတာကတော့ သိပ်အပေါက်အလမ်းမတည့်ဘူး။ ဒီနိုင်ငံမှာ NLD၊ USDP၊ SNLD၊ ANP ပေါ့လေ ဒီပါတီလေးခုက ဒီနိုင်ငံမှာ ရှိနေတာပဲ၊ ဒီလိုပါတီတွေ မပါဘဲ ဆက်လက်ပြီး လုပ်မယ့် အလုပ်တွေက ဘယ်လောက်အထိ အဓိပ္ပာယ်ရှိမလဲပေါ့ UEC လည်း စဉ်းစားပေါ့၊ ဒီရွေးကောက်ပွဲရဲ့ တရားဝင်မှုတွေ၊ ပါဝင်လာမယ့် အဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲကို ပြည်သူတွေက ဘယ်လောက်အထိ အယုံအကြည်ရှိပြီး ဘယ်လောက်အထိ ထောက်ခံမလဲဆိုတာ သူတို့ စဉ်းစားရမှာဖြစ်တယ်၊ ငါ လုပ်ပိုင်ခွင့်ရှိတယ်၊ ငါ လုပ်လိုက်မယ်ဆိုရင်တော့ ဒါ အာဏာရှင်ပဲလေ။ ဒါကတော့ သူတို့လက်ထဲမှာရှိတာပဲ၊ သတိပေးစရာ တစ်ခုတော့ရှိတယ်၊ သူတို့လုပ်လိုက်တဲ့ အလုပ်တစ်ခု ဆုံးဖြတ်ချက်တစ်ခုရဲ့ နောင်ဖြစ်လာမယ့် အကျိုးဆက်တွေကို သူတို့ ထည့်စဉ်းစားဖို့လိုတယ်၊ ပါတီတစ်ခုကို ရပ်နားလိုက်တာ၊ ဖျက်လိုက်တာ လွယ်ပါတယ်၊ ဒါပေမဲ့ အဲဒီကနေ နောင်ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း သူတို့လည်း စဉ်းစားရမယ်။”

Photo: SNLD

NLD နဲ့ SNLD ပါတီတို့က ငွေစာရင်း အစစ်ခံဖို့ ၂ကြိမ် အကြောင်းကြားထားပေမယ့် ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (ဂ)(ဃ)(င) တို့အရ ပါတီကို ၃နှစ်အထိ ယာယီရပ်ဆိုင်းတာကနေ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူခံရမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

အရေးယူတာကို မတ်လ ၂၇ ရက်နေ့နောက်ပိုင်းမှာ ကော်မရှင်အစည်းအဝေးကနေ ဆုံးဖြတ်ပြီး ဆုံးဖြတ်ချက်ကိုလည်း ထုတ်ပြန်ကြေညာသွားမယ်လို့ ပြောခဲ့ပါတယ်။ ဘယ်လိုအရေးယူသွားမယ်ဆိုတာကိုတော့ ဒီသတင်းစာရှင်းလင်းပွဲမှာ ထုတ်မပြောခဲ့ပါဘူး။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ အရ နိုင်ငံရေးပါတီတွေရဲ့ ပါတီရံပုံငွေစာရင်း၊ ပါတီရဲ့ ပိုင်ဆိုင်မှု ထိန်းသိမ်းသုံးစွဲတဲ့အခြေအနေ၊ ပါတီဝင်အင်အားတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ကော်မရှင်က စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ဟာ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရထားတဲ့ ပါတီတွေဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org