အခြေခံဥပဒေ ပြုပြင်ရေး တစ်လအတွင်း လူထုဆန္ဒကောက် ခံမယ်လို့ NLD ပြော
၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် မလား၊ အသစ်ပြန်လည်ရေးဆွဲ မလား ဆိုတဲ့အပေါ် ပြည်သူတွေရဲ့ ဆန္ဒသဘောထားကောက်ခံတာ ကို အောက်တိုဘာလအတွင်း အပြီးလုပ်ဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးကော်မတီက ဒီနေ့ ပြောကြားလိုက်ပါတယ်။
-
2013-10-04 -
-
-
Your browser doesn’t support HTML5 audio
၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလား ဆိုတဲ့အပေါ် ပြည်သူတွေရဲ့ ဆန္ဒသဘောထားကောက်ခံတာကို အောက်တိုဘာလအတွင်း အပြီးလုပ်ဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီက ဒီနေ့ ပြောကြားလိုက်ပါတယ်။
တိုင်းနဲ့ပြည်နယ်အလိုက် ခရိုင်အဆင့်မြို့တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဟောပြောပွဲတွေကျင်းပပြီး ဆန္ဒတွေရယူမယ်လို့ အဲဒီကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက RFA ကိုပြောပါတယ်။
“သက်ဆိုင်တဲ့ တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့နဲ့ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ကနေပြီးတော့ အခြေခံဥပဒေရဲ့ အရေးပါပုံ၊ အခြေခံဥပဒေကြောင့် တိုင်းပြည်တိုးတက်မှု နှောင့်နှေးနေတာ၊ အေးချမ်းမှုမရှိတာ ဒါတွေဟာ အခြေခံဥပဒေနဲ့ ဆက်စပ်နေတယ်၊ ၂ဝဝ၈ အခြေခံဥပဒေအရ တိုင်းပြည်ရဲ့တိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးမှာ အဟန့်အတားဖြစ်တဲ့ ပြဌာန်းချက်တွေ ပြင်ဆင်ဖို့ကို အဓိကရှင်းပြမှာပါ”
အဲဒီကော်မတီဟာ အဖွဲ့ ၇ ဖွဲ့ခွဲပြီး တစ်ပြည်လုံးအနှံ့ကို လိုက်လံဟောပြောမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကလည်း ပြည်သူတွေဆီက အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေထံကတဆင့်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို တိုက်ရိုက်ဖြစ်စေ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးပေးပို့ဖို့ မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ရရှိလာတဲ့ အကြံပြုချက်တွေကိုစိစစ်ပြီး လာမယ့်ဒီဇင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော်ဆီ အပြီးသတ်တင်ပြသွားမယ်လို့ RFA ကိုပြောပါတယ်။
“ဒီအကြံပြုချက်တွေကို ပြန်သုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံတာ တင်ပြလိုက်မှာပါ၊ ကျနော်တို့တင်ပြတဲ့ အစီရင်ခံစာဟာ သီးသန့်မဟုတ်ပါဘူး၊ တင်ပြလိုက်တဲ့အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဒီအချက်တွေကို ကြိုက်ရင်လည်း ထောက်ခံဆွေးနွေးလို့ရပါတယ်၊ မကြိုက်ဘူးဆိုရင်လည်း ဒီဟာတွေမှာမှ ဘယ်အချက်တွေကတော့ လိုသေးတယ်၊ ဘယ်လိုကတော့ ပြုပြင်ပြောင်းလဲချင်သေးတယ်ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၆ဝ လုံးဟာ မိမိတို့ရဲ့အမြင်တွေကို ထုတ်ဖော်ပြီးတော့ ဆွေးနွေးလို့ရအုံးမှာပါ၊ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ မဖြစ်မနေတင်ရမှာပါ”
ရှေ့နှစ် ဇန်နဝါရီလ ပြည်ထောင်စုလွှတ်တော် အစည်းအေဝးပွဲတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ဆန္ဒသဘောထား ကောက်ယူသွားမှာဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရုံးကလည်း အခြေခံဥပဒေမှာ ပြင်ဆင်လိုတဲ့အချက်တွေကို တင်ပြနိုင်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားတဲ့အကြောင်း အာအက်ဖ်အေ သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။