တောင်တွင်းကြီး NLD တိုင်းကိုယ်စားလှယ် အကြမ်းဖက်မှု ပုဒ်မတွေနဲ့ ထပ်တိုး တရားစွဲခံထားရ

တောင်တွင်းကြီးမြို့နယ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထပ်တိုး တရားစွဲထားပါတယ်။

တောင်တွင်းကြီး NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုအား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလတွင် တွေ့ရစဥ်။ Citizen Journalist

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထပ်တိုး တရားစွဲထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးအောင်ကိုကိုဟာ ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က ရန်ကုန်မြို့ ထောက်ကြန့် စစ်သင်္ချိုင်းအနီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေးစခန်းမှာ ဖမ်းဆီးခံခဲ့ရပြီး ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က နဲ့ မေလ ၃၀ ရက်နေ့မှာ ထောင်သုံးနှစ် ချခံခဲ့ရပါတယ်။

ထောင်သုံးနှစ် ချခံရပြီး ကိုးလအကြာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေဖြစ်တဲ့ ပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၀ (စျ) တို့နဲ့ ထပ်တိုး တရားစွဲခံရတာလို့ ဦးအောင်ကိုကိုရဲ့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“သူ့ကို ထပ်တိုး တရားစွဲထားတယ်။ ဘာကြောင့် ဒီလို ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲတာလည်းတော့ မသိရသေးဘူး။ အခုက အင်းစိန် အကျဉ်းထောင်မှာပဲ။ ရှေ့နေငှားခွင့် ရတယ်။ မိသားစုနဲ့လည်း တွေ့ခွင့်ရပါတယ်။ အမှုကတော့ ဆက်ပြီးရင်ဆိုင်ရမှာပေါ့”

အသက် ၄၃ နှစ်အရွယ် ဦးအောင်ကိုကိုဟာ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

ဦးအောင်ကိုကိုဟာ မကွေးတိုင်း လူငယ်လုပ်ငန်းအဖွဲ့နဲ့ တောင်တွင်းကြီးမြို့နယ် NLD လူငယ်လုပ်ငန်းအဖွဲ့ တွဲဖက်တာဝန်ခံ တစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင် ကောက်ယူရေးအဖွဲ့ (HRDT-NLD) ရဲ့ ဖေဖော်ဝါရီလ ၉ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ NLD ပါတီဝင် ၁၉၀၅ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org