ဖွဲ့စည်းပုံမပြင်နိုင်လည်း NLD ရွေးကောက်ပွဲဝင်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိရင်လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ NLD ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်း လင်းနေသော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို တွေ့ရစဉ် photo: RFA/ Kyaw Zaw Win

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းမရှိရင်လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်တယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

"တကယ်တန်းပြောလို့ရှိရင် ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲမဝင်ဘူးလို့ ပြောတဲ့ အဓိပ္ပာယ်မဟုတ်ဘူး၊ ဒါပေမယ့်လို့ သဘောတရား အရ ဒီလိုအခြေအနေမျိုးကြီးဟာ ရွေးကောက်ပွဲ ဝင်ချင်စရာမရှိဘူးလို့ ဒီလို idea ကိုပြောတာပါ၊ မဝင်ဘူးလို့ပြောတာ မဟုတ်ဘူး၊ ကျနော်ဒီ့ထက်ပိုပြီး တိကျအောင်ပြောချင်ရင် ကျနော်တို့ ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ကိုဝင်မယ်၊ မပြင်ပေးခြင်းအားဖြင့် ဝင်ချင်စရာမကောင်းဘူးလို့ သဘောတရားအရပြောတာ"

ဒါ့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှစ်ရပ်၊ ကာကွယ်ရေးဦးစီးချုပ်စတဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံးဆွေးနွေးနိုင်ဖို့ မေတ္တာရပ်ခံထားရာမှာ တရားဝင်အကြောင်းပြန်စာ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

NLD ပါတီအနေနဲ့ မိမိလုပ်ရမယ့်အလုပ်ကို လက်လျှော့သွားမှမဟုတ်ဘဲ ဆက်လက်ပြီး လုပ်သင့်တာဆက်လုပ်သွားမယ်လို့ ဦးဉာဏ်ဝင်း ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် NLD က အခန်း ၁၄ ခန်းမှာ ပြင်ဆင်သင့်တဲ့ အချက်ပေါင်း ၁၆၈ ချက် အကြံပြုထားတယ်လို့ သိရပါတယ်။

ဒီကနေ့ အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org