ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး NLD ဦးဆောင်နေတယ်လို့ ဦးဉာဏ်ဝင်းပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဦးဆောင်နေတဲ့ပါတီဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ NLD ပါတီ ဖွဲ့စည်းတည်ထောင်တဲ့ နှစ် ၃ဝ ပြည့်အခမ်းနားကို ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ် Photo: Htet Arkar/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဦးဆောင်နေတဲ့ ပါတီဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက  ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ NLD ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း နှစ်သုံးဆယ်ပြည့်အခမ်းနားမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဦးဉာဏ်ဝင်းက အခုလို ပြောခဲ့တာပါ။

ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အစိုးရနဲ့ တိုက်ရိုက်မသက်ဆိုင်ကြောင်း၊ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က ဆောင်ရွက်နေတဲ့ သီးသန့်ကိစ္စသာဖြစ်တယ်လို့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာရေးနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ထိတွေ့ဆက်သွယ်နေတဲ့ အဖွဲ့ကတော့ အစိုးရက ဖွဲ့စည်းထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဖြစ်ပါတယ်။

ဒါ့အပြင် NLD ပါတီဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အဂတိတရား ကင်းရှင်းမှသာ ပြည်သူတွေ စီးပွားရေး လုပ်ပျော်ပြီး တရားမျှမျှတတ ယှဉ်ပြိုင်ခွင့်ကို ရမှာဖြစ်တာကြောင့် အဂတိ ကင်းရှင်းရေး ကြိုးပမ်းကြဖို့  NLD ပါတီ တည်ထောင်တာ နှစ် ၃ဝ ပြည့် အခမ်းအနား သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အဂတိ တရားကင်းရှင်းမှသာ တိုင်းပြည်စီးပွားရေး တည်ငြိမ်လာမယ်လို့လည်း ပါရှိပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ပါတီ ရုံးချုပ်မှာ ဒီနေ့ ကျင်းပတဲ့ နှစ်၃ဝ ပြည့်အခမ်းအနားကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ SNLD၊ ပြည်သူ့ပါတီ စတဲ့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံတကာက သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org