NLD ပါတီမြို့နယ်ရုံးခန်းတွေဖွင့်ဖို့ ဗဟိုက တစ်မြို့နယ်ကို ငွေကျပ်သိန်း ၁၅၀ ချပေးမည်
တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့အတွက် ပါတီဗဟိုကနေ တစ်မြို့နယ်ကို ငွေကျပ် သိန်း ၁၅၀ ချထားပေးမယ်လို့ သိရပါတယ်။
-
2017-10-09 -
-
-
တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့အတွက် ပါတီဗဟိုကနေ တစ်မြို့နယ်ကို ငွေကျပ် သိန်း ၁၅၀ ချထားပေးမယ်လို့ သိရပါတယ်။
လက်ရှိဖွင့်ထားတဲ့ ရုံးခန်းတွေက ငှားဖွင့်ရတာတွေနဲ့ အလှူရှင်တွေ လှူဒါန်းထားတဲ့နေရာတွေမှာ ဖြစ်နေတာကြောင့် ကိုယ်ပိုင်ဖြစ်အောင် ဝယ်ယူပြီး ဖွင့်လှစ်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒုတိယ ဥက္ကဌ ဒေါက်တာစိုးဝင်းဦးက ပြောပါတယ်။
"ဖွင့်ထားတဲ့ မြို့နယ်ရုံးတွေက ငှားဖွင့်ရတယ်၊ သို့မဟုတ် စေတနာရှင်တစ်ဦးဦးကနေပြီးတော့ မေတ္တာနဲ့ အခမဲ့ပေးတာတွေရှိတယ်၊ ပါတီက အပိုင်မဟုတ်ဘူးဆိုတော့ ပါတီအပိုင်ဖြစ်အောင် ဝယ်ယူနိုင်ဖို့ဆိုပြီး ကြိုးစားတာပါ၊ မြို့နယ်အသီးသီးကို ခွဲဝေပေးပြီးတော့ ကိုယ်ပိုင်ရုံးတွေ အပိုင်ဖြစ်အောင် ပံ့ပိုးပေးမယ်၊ သိန်း ၁၅၀ ပေါ့နော်၊ ကျန်တာတော့ ဖြည့်ပေါ့နော်၊ မြို့ထဲဆို တိုက်ခန်းတစ်ခန်းက သိန်း ၅၀၀ လောက်ပေးရတယ်ဆိုရင် ၃၅၀ ကတော့ ကိုယ့်ဘာသာရှာဖြည့်ပေါ့၊ ကျေးလက်တချို့နေရာတွေတော့ သိန်း ၁၅၀ နဲ့ ရရင်လည်း ရသွားမှာပေါ့"
ပါတီဗဟိုက ထုတ်ပေးတဲ့ ငွေတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ရရှိတဲ့လစာ ကျပ် ၁၀ သိန်းထဲက လစဉ် ကျပ် ၂ သိန်းစီ စုဆောင်းထားတဲ့ ပါတီရန်ပုံငွေထဲကနေ ထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
ရုံးခန်းအတွက် ဝယ်ယူမယ့် မြေ/တိုက်ခန်း/အဆောက်အဦးတွေဟာ အရှုပ်အရှင်းကင်းရှင်းမှု ရှိ မရှိ၊ တည်နေရာနဲ့ တန်ကြေးဘယ်လောက်ဆိုတာတွေကို တင်ပြကြရပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းက ထောက်ခံချက်ပေးပြီးမှ ပါတီဗဟိုက သိန်း ၁၅၀ ကို ထုတ်ပေးတာဖြစ်ကြောင်း ဒေါက်တာစိုးဝင်းဦးက ပြောပါတယ်။
ဒါ့အပြင် မြေလွတ် မြေလပ်တွေကို အစိုးရဆီမှာ လျှောက်ထားပြီး ဝယ်ယူဖို့ ခွင့်မပြုထားဘဲ ပုဂ္ဂလိကပိုင် မြေနေရာတွေကိုသာ ဝယ်ယူကြရမှာ ဖြစ်ပါတယ်။
လက်ရှိတစ်နိုင်ငံလုံးမှာ မြို့နယ်ပါတီရုံးပေါင်း ၃၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုသာ မတည်ငွေထုတ်ပေးထားနိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။