အဓမ္မစစ်သားစုဆောင်းမှုကို လက်မှတ်ရေးထိုးဆန့်ကျင်ဖို့ NLD နဲ့ NUCC ထုတ်ပြန်

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလက်မှတ်ရေးထိုးဖို့ NLD နဲ့ NUCC က မတ် ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ AFP

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် စုပေါင်း လက်မှတ်ရေးထိုးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဆန့်ကျင်လှုပ်ရှားမှုမှာ ပါဝင်ဖို့ https://www.change.org/antiforcedconscription မှာ ဝင်ရောက်လက်မှတ်ရေးထိုးပေးကြဖို့ NLD နဲ့ NUCC က တိုက်တွန်းထားပါတယ်။

အဲဒီလက်မှတ်တွေကို နိုင်ငံတကာအစိုးရ၊ အာဆီယံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဆီကို ပေးပို့ပြီး စစ်ကောင်စီကို ဖိအားပေး၊ အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုထားတာပါ။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တခြား နိုင်ငံတွေမှာလို ပြည်ပရန်ကာကွယ်ဖို့ လုပ်ဆောင်ရတာမဟုတ်ဘဲ လူငယ်တွေကို စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားအတွက် စစ်ရာဇဝတ်မှုတွေထဲ သွတ်သွင်းနေတာလို့ ရေးသားထားပါတယ်။

ဒီအတွက် ကမ္ဘာတစ်ဝန်းနဲ့ နိုင်ငံအနှံ့က ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ရမယ်လို့ NLD နဲ့ NUCC က ပူးတွဲ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက်ပြည့်ပြီးတဲ့ အသက် ၃၅ နှစ်အထိ အမျိုးသား၊ အသက် ၂၇ နှစ်အထိ အမျိုးသမီးတို့ဟာ အကျုံးဝင်နေပြီး ပညာရှင်အမျိုးသားဆိုရင် အသက် ၄၅ နှစ်အထိ၊ ပညာရှင်အမျိုးသမီးဆိုရင် အသက် ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားတာပါ။

လက်ရှိမှာလည်း ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် လူစာရင်း ကောက်ယူတာတွေ လုပ်ဆောင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org