စည်ပင်ရွေးကောက်ပွဲ NLD ကိုယ်စားလှယ်တွေ အနိုင်ရ
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီဝင် ကိုယ်စားလှယ်တွေ ဝင်ပြိုင်တဲ့ နေရာအားလုံးမှာ ၉၉ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်လို့ ရန်ကုန်တိုင်း အန်အယ်လ်ဒီကနေ သိရပါတယ်။
-
2019-04-01 -
-
-
ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီဝင် ကိုယ်စားလှယ်တွေ ဝင်ပြိုင်တဲ့ နေရာအားလုံးမှာ ၉၉ ရာခိုင်နှုန်း အနိုင်ရခဲ့တယ်လို့ ရန်ကုန်တိုင်း အန်အယ်လ်ဒီကနေ သိရပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲမှာ NLD ပါတီက မြို့တော် စည်ပင်ကော်မတီဝင်နေရာအတွက် ၆ ဦး၊ မြို့နယ် ၃၃ မြို့နယ်ရဲ့ စည်ပင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် နှစ်နေရာအတွက် ၈၅ ဦး စုစုပေါင်း ၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ တစ်နေရာမှာသာ ရှုံးနိမ့်ခဲ့တယ်လို့ ရန်ကုန်တိုင်း NLD ပါတီ ရဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောပါတယ်။
ဆိပ်ကမ်းမြို့နယ် စည်ပင် ဥက္ကဋ္ဌ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးသာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး အနိုင်ရခဲ့တယ်လို့ သိရပါတယ်။
စည်ပင်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေအပြင် NLD ပါတီ၊ USDP ပါတီတွေက စုစုပေါင်း ကိုယ်စားလှယ်လောင်း အယောက် ၂၇၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဘဲ ဥပဒေသစ်အရ ဒီရွေးကောက်ပွဲမှာ စပြီး ခွင့်ပြုခဲ့တာပါ။
စည်ပင်ရွေးကောက်ပွဲကော်မရှင်ကလည်း ပါတီတွေ မဲဆွယ်စည်းရုံးရာမှာ ပါတီအလံ အမှတ်တံဆိပ်၊ နိုင်ငံရဲ့ အကြီးအကဲ ဓာတ်ပုံတွေ အသုံးပြုခွင့်ပေးခဲ့တဲ့အပေါ် မျှတမှုမရှိဘူးလို့ ရွေးကောက်ပွဲ မစခင်ကတည်းက ကိုယ်စားလှယ်လောင်းတွေက ဝေဖန်ခဲ့ကြပါတယ်။
စည်ပင်ရွေးကောက်ပွဲကို မဲဆန္ဒရှင်ပြည်သူတွေ စိတ်ဝင်စားမှုနည်းခဲ့ပြီး မဲလာပေးတဲ့ ရာခိုင်နှုန်းဟာ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ PACE အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။