ပညာရေးရန်ပုံငွေအတွက် လှူတာတွေကို လက်ခံနိုင်တယ်လို့ ဒေါ်စုပြော

ယခင် စစ်အစိုးရနဲ့ နီးစပ်ခင်မင်သူ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးရန်ပုံငွေအတွက် လှုဒါန်းတာတွေကို လက်ခံတာဟာ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ဒီကနေ့ ကာကွယ်ပြော ဆိုလိုက်တယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

NLD အခမဲ့ပညာရေးကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတွင် လေလံတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ သိုးမွေးအင်္ကျ ီ Photo: RFA/Myo Zaw Ko

ရည်ရွယ်ချက်ကောင်းမွန်တဲ့ အစီအစဉ်တွေအတွက် လှူချင်ရင်လှူပါစေ၊ တရားမဝင်ရရှိတဲ့ ငွေတွေမဟုတ်ဘဲ တရားဝင်ရထားတဲ့ငွေကို မွန်မြတ်ကောင်းမွန်တဲ့ စီမံချက်တွေအတွက် ပေးလှူမယ်ဆိုရင် လက်မခံနိုင်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်မှာ ပြောသွားတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး NLD လွတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် ကို ဆက်သွယ်မေးကြည့်ရာမှာ

"ဒီပညာရေးရန်ပုံငွေဆိုတာဟာ နည်းနည်းရှင်းရှင်းလင်းလင်း ပြောဖို့တော့လိုတယ်၊ အဲဒီ့ပညာရေးရန်ပုံဟာ NLD ထူထောင်ဖို့အတွက် မဟုတ်ဘူး၊ NLD ရဲ့လုပ်အားနဲ့ ဘာမှမဆိုင်ဘူး၊ ကျနော် ဥပမာပေးရရင် အလှူရှင်နဲ့ သွေးလှူတဲ့လူလိုပဲ ကလေးတွေပညာသင်ဖို့ဆိုတာ ဒီခရိုနီတွေကို ကျနော်တို့ ဆုံးဖြတ်ပေးနိုင်တဲ့အထိ ခဏနေအုန်းဆိုပြီး ကလေးတွေက အရွယ်အလိုက်ပညာသင်ခွင့်ရမှာ အသက်ကြီးမှ ပညာသင်တဲ့အရွယ်မဟုတ်တော့ဘူး၊ အရွယ်လွန်သွားရင် ဘယ်လိုမှစာသင်ပေးလို့ မရတော့ဘူး၊ ဘာကြောင့်စာသင်ခွင့်မရလဲဆိုတာကို ကျနော်တို့ကိုမမေးနဲ့၊ အဲဒါဟာခေတ်ကြောင့်ဖြစ်လာတဲ့ကိစ္စ၊ အဲတော့ကျနော်တို့က ဘယ်လိုလုပ်ရမလဲ၊ အဲလိုဝေဖန်နေတဲ့သူတွေကို ထပ်မေးပါရစေ၊ ဒီကလေးတွေဟာ ဒီအရွယ်မှာပညာသင်ရမှာ အဲဒီခရိုနီတွေဆီက ပိုက်ဆံမယူဘူးဆိုရင် ခင်ဗျားတို့က ပိုက်ဆံလာပေးမှာလား၊ ဒီကလေးတွေပညာမတတ်ရင် ဒီလိုပဲနေကြတော့ကွာဆိုပြီးထားရမလား၊ ကျနော်က အဲလိုပြန်မေးချင်တယ်လို့ မနက်က ကလေးတွေကို ပြောလိုက်တယ်" လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကပြုလုပ်တဲ့ NLDရဲ့ ပညာရေးရန်ပုံငွေရှာဖွေပွဲမှာ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် Air Bagan နဲ့ အာရှစိမ်းလန်းဖွံဖြိုးရေးဘဏ် (AGD Bank)အဖွဲ့တို့က ကျပ်ငွေသန်း ၅၀၀ကျော်လှူဒါန်းခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းတွေကို အဓိက လုပ်ကိုင်တဲ့ Sky Net ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင် ဦးကျော်ဝင်း မိသားစုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးခဲ့တဲ့ဆွယ်တာကို ကျပ်ငွေ ၄၁၅သိန်းပေးပြီး လေလံဆွဲ ဝယ်ယူသွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org