NLD ပါတီဖျက်သိမ်းမှု မတည်ငြိမ်မှုတွေ ပိုဖြစ်လာနိုင်ကြောင်း အမေရိကန် သတိပေး
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် နိုင်ငံမှာ မတည်ငြိမ်မှုတွေ ပိုများလာလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီကို သတိပေးလိုက်ပါတယ်။
-
RFA Burmese
2023-03-30 -
-
-
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် နိုင်ငံမှာ မတည်ငြိမ်မှုတွေ ပိုများလာလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီကို သတိပေးလိုက်ပါတယ်။
မြန်မာစစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာကို ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါ တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဗီဒန့်ပက်တဲလ်က မတ်လ ၂၉ ရက်နေ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်မှုမရှိတဲ့ ဘယ်လို ရွေးကောက်ပွဲမျိုးကိုမဆို လွတ်လပ်ပြီး မျှတတယ်လို့ မဆိုနိုင်ပါဘူး၊ အခုဆိုရင် စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် တော်လှန်နေကြတာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲကျင်းပဖို့ တွန်းအားပေးနေတာတွေက မတည်ငြိမ်မှုတွေပဲ တိုးလာစေလိမ့်မယ်လို့ သူက ပြောပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ထွန်းကားလာအောင် ကြိုးပမ်းနေသူအားလုံးကို ဆက်လက်ပြီး အားပေးထောက်ခံသွား မယ်လို့လည်း အမေရိကန်နိုင်ငံခြား ရေးဌာန ပြောခွင့်ရ ဗီဒန့် ပက်တဲလ်က ပြောပါတယ်။