ချောင်းဆုံ ရွေးကောက်ပွဲအနိုင်ရ MUP ကိုယ်စားလှယ်ကို NLD ကန့်ကွက်
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲမှာ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားတဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က မွန်ညီညွတ်ရေးပါတီရဲ့ ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ရွေးကောက်ခံ ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးမင်းကျော်လွင်က ကန့်ကွက်လွှာတင်ထားပါတယ်။
-
မင်းခိုင်စိုးလင်း
2021-01-21 -
-
-
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲမှာ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားတဲ့ မွန်ပြည် နယ်၊ ချောင်းဆုံမြို့နယ်က မွန်ညီညွတ်ရေးပါတီရဲ့ ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးမင်းကျော်လွင်က ကန့်ကွက်လွှာတင်ထားပါတယ်။
ကန့်ကွက်လွှာထားတဲ့အထဲမှာ အချက် ၁၅ ချက်ပါဝင်ပြီး ဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
“အသေးစိတ်အချက်တွေက ကျွန်တော်ပြောမကောင်းလို့သာ ကျွန်တော်မပြောသေးတာပေါ့နော်၊ ဆိုတော့ အချက်အားဖြင့်ပြောရင် ၁၅ ချက်ကျော်တယ်။ သူတို့ကန့်ကွက်လွှာတွေမှာ ရေးသားဖော်ပြထားတာ ပေါ့နော်၊ ဒီကိစ္စကိုတော့ ကျွန်တော်တို့က အကောင်းဆုံး ခုခံချေပသွားမယ်။ ရှေ့လုပ်ရမယ့်လုပ်ငန်းစဉ်တွေ လည်း ကျွန်တော်အများကြီးပြင်ဆင်ထားတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ကျရှုံးမှုမရှိအောင်တော့ ကျွန်တော်အကောင်းဆုံးဆောင်ရွက်သွားပါ့မယ်။ ကျွန်တော်ကျဆုံးမယ်ဆိုလို့ရှိရင် ကျွန်တော်မဲဆန္ဒနယ် ပြည်သူလူထုက ကျရှုံးခြင်းမဟုတ်ဘဲနဲ့ မွန်ပြည်နယ်ပြည်သူလူထုက ကျရှုံးလိမ့်မယ်လို့ ကျွန်တော်ခံယူ တယ်။ ဒါကြောင့်မို့ ကျွန်တော်ကျရှုံးမှုမရှိအောင် အတတ်နိုင်ဆုံး ဒီဥပဒေလမ်းကြောင်းကနေ ရင်ဆိုင် ဖြေရှင်းသွားပါ့မယ်”လို့ ပြောပါတယ်။
ဒေါက်တာအောင်နိုင်ဦးကို ကန့်ကွက်ထားသူက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ဖြစ်ပါတယ်။
ကန့်ကွက်လွှာနဲ့ ပတ်သက်တဲ့ အကြောင်းကြားစာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ပေးပို့လာတဲ့အတွက် ဒေါက်တာအောင်နိုင်ဦးဘက်က လာမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုချေလွှာအမီ တင်သွင်းရမှာဖြစ်ပါတယ်။
ကန့်ကွက်ခံထားရတဲ့ အချက်တွေကို မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြထားပြီး ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့က အမှုအတွက် ကူညီမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်အခြေစိုက် ရာမညရှေ့နေကွန်ယက်အဖွဲ့ကလည်း ဒေါက်တာအောင်နိုင်ဦး ကန့်ကွက်ခံထား ရတာနဲ့ ပတ်သက်လို့ အကူအညီပေးမယ့်အကြောင်း ကမ်းလှမ်းထားပါတယ်။
ခိုင်လုံမဲ သုံးသောင်းကျော်ရှိတဲ့ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နေရာမှာ မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ခိုင်လုံမဲ တစ်သောင်းခွဲကျော်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တစ်သောင်းလေးထောင်ကျော်ရရှိခဲ့တာပါ။
ကန့်ကွက်မှု အထမြောက်ခဲ့ရင် ဒေါက်တာအောင်နိုင်ဦးက ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံရမှာဖြစ်ပြီး ဒုတိယမဲအများဆုံးရရှိခဲ့တဲ့ ဦးမင်းကျော်လွင်က ကိုယ်စားလှယ်တင်မြောက်ခံရမှာပါ။
ကန့်ကွက်ထားတဲ့ ဦးမင်းကျော်လွင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
ဒေါက်တာအောင်နိုင်ဦးဟာ လက်ရှိ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှာ မွန်ညီညွတ်ရေးပါတီ MUP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP နဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။