မြန်မာအစိုးရသစ်က ပြင်ပကမ္ဘာနှင့် ဆက်ဆံရေး နွေးထွေးလို
ဦးသိန်းစိန် အစိုးရသစ်ဟာ ပြင်ပကမ္ဘာနဲ့ စီးပွားရေး၊ သံတမန်ရေးအရ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ ဆန္ဒရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Li Junhua က ဆင်ဟွာ သတင်းဌာနကို မေလ ၂၅ ရက် ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
-
2011-05-25 -
-
-
Your browser doesn’t support HTML5 audio
တရုတ်နိုင်ငံကို သွားရောက်မဲ့ ဦးသိန်းစိန်ရဲ့ ခရီးစဉ် မတိုင်ခင် ဆင်ဟွာ သတင်းဌာနရဲ့ မေးမြန်းချက်ကို တရုတ်သံအမတ်ကြီးက ဖြေကြားခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူ ခံနေရသလို မနှစ်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်တာတွေ ခံခဲ့ရတာကြောင့် ပြင်ပကမ္ဘာရဲ့ အမြင်ကြည်ကြည်နဲ့ ဆက်ဆံတာမျိုးကို လိုလားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ပြည်မှာ နေထိုင်တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ ပြောခွင့်ရ ဦးဖိုးသံချောင်းက အခုလို ဝေဖန်ပါတယ်။
“နအဖကို နိုင်ငံတကာက လက်ခံနိုင်ဖို့ ဆိုတဲ့ ကိစ္စဟာ နအဖ ကိုယ်တိုင် လုပ်ရမဲ့ ကိစ္စ ဖြစ်ပါတယ်။ တရုတ်လည်း မတတ်နိုင်ဘူး၊ ဘယ်သူမှလည်း မတတ်နိုင်ဘူး။ အဲဒီတော့ တရုတ်ပြောတဲ့ စကားကိုလည်း နအဖက နားမထောင်ပါဘူး။ အဲဒါကို ကျွန်တော်တို့ မမေ့ဖို့ လိုပါတယ်။ တရုတ်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်၊ အလွန်ဆုံး တတ်နိုင်ရင် နားချတာပဲ ဖြစ်မှာပါ။ နားချတာတောင်မှ လူကြီးချင်း ပြောတာဆိုတော့ တိုက်ရိုက်ကြီး မပြောပဲနဲ့ လှည့်ပတ်ပြီး နားထောင်ကောင်းအောင် ပြောတဲ့ဟာတွေလည်း အများကြီး။”
တရုတ်သံအမတ်ကြီးကတော့ ဦးသိန်းစိန် အစိုးရအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသလို သံရေးတမန်ရေးမှာလည်း ပိုပြီး တက်ကြွတဲ့ အခြေအနေတွေ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံရဲ့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မြန်မာဖက်က လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှု အခြေအနေတွေ ပြသဖို့ လိုအပ်တယ်လို့ ပြောဆိုတာတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေ အခြေအနေတွေကတော့ အစိုးရသစ်လက်ထက်မှာလည်း ထူးထူးခြားခြား တိုးတက်မှုရယ်လို့ မမြင်ရသေးဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
တရုတ်သံအမတ်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရ ဦးဖိုးသံချောင်းကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |