နိုင်ငံရေးဆွေးနွေးပွဲမှာမှ UWSA၊ NDAA တက်ရောက်မည်
မြန်မာပြည်မြောက်ပိုင်းမှာ အခြေစိုက်ထား တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အခြေစိုက် NDAA မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ တို့ဟာ အနာဂါတ်မှာပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်မယ်လို့သိရပါတယ်။
-
2014-08-28 -
-
-
မြန်မာပြည်မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ ရှမ်းပြည် နယ်အရှေ့ပိုင်းအခြေစိုက် NDAA မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ တို့ဟာ အနာဂါတ်မှာပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်မယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ NDAA မိုင်းလားအဖွဲ့ရဲ့ ဒုတိယဦးစီးချုပ် ဦးခမ်းမောင်က RFA ကို အခုလိုပြော ပါတယ်။
"ကျနော်တို့က လက်မှတ်ထိုးဖို့ကျတော့ ကျနော် တို့က ထိုးပြီးသားလေ၊ ဒီနေ့လက်မှတ်လည်း ထိုးပြီ၊ ပြည်ထောင်စုအဆင့်နဲ့လည်းထိုး ပြီ၊ နောက်ကျမှ နိုင်ငံရေးဆွေးနွေးပွဲကျမှ ကျနော်တို့က ပါဝင်ထိုးမယ်"
UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့တို့ရဲ့ဆွေးနွေးမှုတွေကိုလည်း သူတို့အနေ နဲ့ ထောက်ခံတယ်လို့ ဦးခမ်းမောင်ကပြောပါတယ်။
"NDCCT နဲ့ UPWC နဲ့ ဆွေးနွေးတဲ့ဟာလည်း ကျနော်တို့က ထောက်ခံပါတယ်၊ အဲ့ဒီငြိမ်းချမ်းရေးအတွက် လုပ်ကြတယ်၊ အဲ့ဒါကိုလည်း ကျနော်တို့ကထောက်ခံတယ်လေ၊ သူတို့ကတင်ပြတာ ကျနော်တို့လည်းမပါဘူး၊ ကျနော်တို့က သိပ်မသိဘူးပေါ့၊ သူတို့ဆွေးနွေးတဲ့ဟာ သူတို့ဆွေးနွေးပေါ့၊ UPWC နဲ့ NCCTနဲ့ သူတို့သဘောတူပြီးတော့ပေါ့ထိုးမယ်၊ နောက်ဆုံးကျမှ ကျနော်တို့အဲ့ဒီမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ထိုးမယ်ဆိုရင် အဲ့ဒီကျမှ ကျနော်တို့က လာပါမှာပဲလေ၊ ကျန်တဲ့ဟာလည်း ကျနော်တို့က ပါဖို့မလိုပါဘူး"
UWSA ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့၊ SSA/SSPP ဒုဥက္ကဌ ဦးစဝ်ခေးတိုင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ NDAA မိုင်းလားအဖွဲ့ဒုဥက္ကဌ ဦးစံပေ့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်က အစိုးရထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်တို့နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ ့တွေမှာ သီးခြားစီတွေ့ဆုံခဲ့ကြပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားတွေရဲ့လိုလားချက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့၊ အခြေခံဥပဒေ မှာ အတားအဆီးဖြစ်နေတဲ့အချက်တွေကို ပြင်ဆင်ဖို့တွေကို ဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်း အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ထည့်သွင်းဆွေးနွေးကြတယ်လို့သိရပါတယ်။
ဒီနေ့ သြဂုတ်လ ၂၈ ရက်မနက်မှာတော့ UWSA နဲ့ NDAA အဖွဲ့တို့ပူးပေါင်းပြီး ရန်ကုန်မြို့ အလုံလမ်း က Yangon International Hotel မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး၊ သူတို့အဖွဲ့တွေ လက်ရှိ ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းတွေအကြောင်း၊ ဖွံ ့ဖြိုးရေးလုပ်ငန်းတွေ အကြောင်းတွေကို ပြောဆို ရှင်းလင်းခဲ့ပါတယ်။