အဝေးရောက် ညွန့်ပေါင်းအစိုးရ ဆက်ရှိဖို့ မလိုတော့ကြောင်း ဒေါက်တာစိန်ဝင်းပြော

ဒီကနေ့ မြန်မာပြည်တွင်း နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေအရ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB အနေနဲ့ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။ RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ဟာ ဆက်လက် ရပ်တည်စရာ မလိုအပ်တော့ဘူးလို့ ဒေါက်တာစိန်ဝင်းက သူ့အမြင်ကို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောတာတော့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်။ လာမယ့် ရွေးကောက်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်တဲ့နောက်တော့ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို ဆက်ပြီးတော့ ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုး လုပ်လို့ မရဘူးပေါ့။ ကျနော်တို့ အနေနဲ့ကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုရင်တော့၊ တကယ်လည်း စပြီး ယှဉ်ပြိုင်ပြီ ဆိုရင်တော့ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB အနေနဲ့ ဆက်လက်ပြီးတော့ တည်ရှိဖို့လိုမယ်လို့ မထင်ဘူး”

ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ ပြည်ပရောက် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ MPU ခေါ် လွှတ်တော်အမတ်များ သမဂ္ဂ ကနေ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေကို ရွေးချယ်ထားတာဖြစ်တဲ့အတွက် MPU အဖွဲ့ကသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့ကို ပေါက်ခေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီး ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်ရှိရာ မာနယ်ပလောစခန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထောက်ခံမှုနဲ့ ၁၉၉ဝ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org