အပစ်ရပ် ၁၀ ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ တေ့ွဆုံ
အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲမှာ ညှိနှိုင်းလို့မရတဲ့ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ သဘောထားတွေ ဆွေးနွေးစုစည်းခဲ့တယ်လို့ ခေါင်းဆောင်တွေက ပြောပါတယ်။
-
2018-05-30 -
-
-
အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲမှာ ညှိနှိုင်းလို့မရတဲ့ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ သဘောထားတွေ ဆွေးနွေးစုစည်းခဲ့တယ်လို့ ခေါင်းဆောင်တွေက ပြောပါတယ်။
အစိုးရနဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေအကြား ညှိနှိုင်းဖို့ခက်ခဲနေတဲ့ အချက်တွေကို ကျော်လွှားနိုင်ဖို့ သဘောထားတွေ စုစည်းတာလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမြရာဇာလင်း က ပြောပါတယ်။
"ပထမဆုံး စပြောချင်တာကတော့ မိုးရိပ်တွေ အုံ့မှိုင်းနေတဲ့ အာကာသတစ်ခု ကြည်လင်သွားသလိုပဲ၊ အဲလိုပဲ စိတ်ထဲမှာ ခံစားရတာပေါ့။ အကျိုးရှိတယ် မင်္ဂလာရှိတယ်လို့ အရင်ဆုံးပြောချင်တယ်၊ တစ်ဆို့နေတဲ့ ကိစ္စတွေကို ရှေ့ကိုကျော်လွှားဖို့ရာအတွက် သဘောထားတွေ စုစည်းနိုင်ခဲ့တယ်။ ရှေ့ကို ပင်လုံညီလာခံ ကျင်းပနိုင်ဖို့ရာ အတွက်လည်း သဘောထားစုစည်းနိုင်ခဲ့တာတွေရှိတယ်၊ ပြီးလို့ရှိရင် ပင်လုံညီလာခံမှာ ရှေ့ဆက်ဘယ်လို သွားမလဲဆိုတဲ့ အချက်တွေကိုလည်းပဲ အကြမ်းဖျဉ်းစုစည်းနိုင်ခဲ့တဲ့ သဘောတွေတော့ရှိပါတယ်"
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် နှစ်ဖက်ရဲ့ သဘောထားအမြင်တွေကို ဆွေးနွေးနိုင်ခဲ့သလို အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် လိုအပ်တဲ့ အချက်တွေကို စုစည်းရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ညီလာခံကျင်းပဖို့ ရက်သတ်မှတ်ချက်ကို လက်ရှိအချိန်မှာ မပြောနိုင်သေးပေမယ့် ဒီနေ့ ဆွေးနွေးပွဲက ရလာတဲ့ သဘောထားတွေကို နှစ်ဖက်ခေါင်းဆောင်တွေကို တင်ပြပြီး လာမယ့် ဇွန်လအတွင်းမှာ ပြီးပြတ်အောင်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
လာမယ့် တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ပြည်ထောင်စုကနေ လုံးဝခွဲမထွက်ပါဘူးလို့ ကတိကဝတ်ပါတဲ့ သဘောတူညီချက်ကို တပ်မတော်ဘက်က ရယူလိုပြီး တိုင်းရင်းသားတွေ ဘက်ကတော့ အဲဒီအချက်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကန့်သတ်တားဆီးလာမှာကို စိုးရိမ်နေကြပါတယ်။
အဲဒီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ဆိုင်တဲ့ အချက်တွေဟာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ရှောင်ကွင်းလို့မရဘဲ ဆွေးနွေးရမယ့်အချက်ဖြစ်တယ်ဆိုတာကို ဒီနေ့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ နှစ်ဖက်လုံးက ကိုယ်စားလှယ်တွေက နားလည်ကြတယ်လို့ စောမြရာဇာလင်း က ပြောပါတယ်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်တွေကို ဖျက်သိမ်းပေးဖို့ဆိုတဲ့ သဘောမျိုးတွေကို တပ်မတော်ဘက်က ပြောလာတဲ့အတွက် ရှေ့ဆက်ညှိနှိုင်းဖို့ အတားအဆီးတွေရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ပြောထားပါတယ်။
အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အခုလို အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်လာတာ ၄ ကြိမ်မြောက်ရှိနေပြီဖြစ်ပြီး မနက်ဖြန် မေလ ၃၁ ရက်နေ့မှာ လုံခြုံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။