တရုတ်အလံ မီးရှို့သူ နော်အုန်းလှကို တရားစွဲဆို
တရုတ်အလံမီးရှို့မှုနဲ့ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နော်အုန်းလှကို ရွှေတိဂုံစေတီမှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးလို့ဆိုပြီး သာသနာကိုစော် ကားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားစွဲလိုက်တယ်လို့ နော်အုန်းလှရဲ့ရှေ့နေက ပြောပါတယ်။
-
2013-12-10 -
-
-
တရုတ်အလံမီးရှို့မှုနဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နော်အုန်းလှ ကို ရွှေတိဂုံစေတီမှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးလို့ဆိုပြီး သာသနာကိုစော်ကားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားစွဲလိုက်တယ်လို့ နော်အုန်းလှရဲ့ရှေ့နေ က ပြောပါတယ်။
နော်အုန်းလှနဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ဆန္ဒပြစဉ် တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံ အလံကိုမီးရှို့ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (ခ)နဲ့ ဒဂုံမြို့နယ် တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ ပါတယ်။
အဲဒီရုံးချိန်းမှာ နော်အုန်းလှကို သာသနာစော်ကားမှုနဲ့ ထပ်ပြီးတရားစွဲလိုက်တာလို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
“ယနေ့ နော်အုန်းလှကို ဒဂုံမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်တဲ့အခါမှာ ဘာထူးခြားချက် တွေ့ရသလဲဆိုတော့ ပုဒ်မ ၅ဝ၅ (ခ)နဲ့ စွဲဆိုချက်အပြင် ၂ဝဝ၇ ခုနှစ်တုန်းက ရွှေတိဂုံဘုရားတောင်ဘက်မုဒ် အင်္ဂါထောင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အသံကျယ်လောင်စွာနဲ့ ဘုရားရှိခိုးဆုတောင်းမှု ပြုတယ်ဆိုပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၃၆ အရ ထပ်မံတရားစွဲဆိုတဲ့အမှုလည်း ကြုံတွေ့ရပါတယ်”
နော်အုန်းလှနဲ့ ကိုတင်ထွဋ်ပိုင်တို့ကို ဒီကနေ့ရုံးထုတ်ရာမှာ တရုတ်အလံမီးရှို့တဲ့ အမှုအတွက် စစ်ဆေးခြင်းမရှိခဲ့ဘဲ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထပ်မံ ရုံးချိန်းသတ်မှတ်ခဲ့ပါတယ်။